အခက်ခဲဆုံးသောဘ၀စာမေးပွဲများ ၂ || အလိုတော်ကိုဝန်ခံခြင်း || Pastor Philip Bawi Uk

Описание к видео အခက်ခဲဆုံးသောဘ၀စာမေးပွဲများ ၂ || အလိုတော်ကိုဝန်ခံခြင်း || Pastor Philip Bawi Uk

"ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့ ၊ ယေရှု၌ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ" ဆိုပြီး ကျွန်တော်တို့သီဆိုလေ့ရှိတဲ့ဓမ္မတေးတစ်ပုဒ်ရှိပါတယ်။ တကယ်လက်တွေ့မှာတော့ ကျွန်တော်တို့ရဲ့သရုပ်မှန်က "ကိုးစားနားထောင်၊ ခြားသောလမ်းရှာ အမြဲတွေ့၊ ကိုယ့်စိတ်အမြဲချမ်းသာရအောင်၊ ကိုယ်စိတ်တိုင်းကျလုပ်လေ"ဆိုတဲ့ပုံစံမျိုးဖြစ်နေတတ်ပါတယ်။

အလိုတော်ကို ဝန်ခံဖို့ဆိုတာ ထင်သလောက် မလွယ်ကူတတ်ပါဘူး။ အလိုတော်ကို ဝန်ခံလိုက်ခြင်းဟာ ကိုယ့်အလိုဆန္ဒတွေကို ဆန့်ကျင်ငြင်းဆန်ရခြင်း၊ သူတပါးအမြင်မှာ ရူးသလို၊ကြောင်သလိုဖြစ်ခြင်း၊ ကိုယ်ဉာဏ်နဲ့မမီနိုင်တဲ့အရာတွေအကြား ရင်ခုန်စိတ်လှုပ်ရှားရခြင်း၊ အချို့အခြေအနေမှာ အရှက်ရော၊အသက်ပါပေးရနိုင်ခြင်းတို့ကြောင့် အလိုတော်ကိုဝန်ခံဖို့ရာ အတော်ခက်ခဲတတ်ပါတယ်။ ဒါကြောင့်လည်း Ezra Benson က "အလိုတော်ကိုဝန်ခံခြင်းဟာ ဘ၀ရဲ့အကြီးမားဆုံးသောစာမေးပွဲပဲ"လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

"မှာထားတော်မူသည့်အတိုင်းလုပ်ဆောင်ခဲ့တဲ့" နောဧ၊ "မိမိသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျှက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ထွက်လာခဲ့တဲ့" အာဗြဟံ၊ "အကျွန်ုပ်သည်ထာ၀ရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေ"လို့ ဝန်ခံခဲ့တဲ့မာရိ၊ "အကျွန်ုပ်အလိုရှိသည်အတိုင်းမဖြစ်ပါစေနဲ့၊ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေ"လို့ ဝန်ခံခဲ့တဲ့ သခင်ယေရှုတို့ရဲ့အသက်တာ‌တို့က အလိုတော်ကိုဝန်ခံခြင်းဟာ 'ဘယ်လောက်ထိ ခက်ခဲပင်ပန်းလဲ၊ ဘယ်လောက်ထိ အရေးကြီးလဲ'ဆိုတာကို ဖော်ပြလို့နေပါတယ်။ ဒါကြောင့်လည်း "အလိုတော်ကိုဝန်ခံခြင်းဆိုတာ ခရစ်ယာန်အသက်တာရင့်ကျက်မှုရဲ့ထင်ရှားတဲ့အမှတ်လက္ခဏာ"လို့ ဆိုကြခြင်းဖြစ်ပါတယ်။

ဒါဆိုရင် ဘ၀မှာ ဘုရားစစ်ဆေးတဲ့ အလိုတော်ကိုဝန်ခံခြင်းစာမေးပွဲတွေကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တဲ့သူတွေဆီက ဘာတွေသင်ယူစရာရှိမလဲ၊ မအောင်မြင်ခဲ့တဲ့သူတွေဆီကရော ဘာတွေဆင်ခြင်စရာရှိမလဲ ... ဒီအကြောင်းအသေးစိတ်ကို "အခက်ခဲဆုံးသောဘ၀စာမေးပွဲများ"တရားဒေသနာစီးရီးရဲ့ဒုတိယပိုင်းအဖြစ် "အလိုတော်ကိုဝန်ခံခြင်း"ဆိုတဲ့ခေါင်းစဉ်နဲ့ ဆရာဖီးလစ်ဘွယ်အုပ်မှ ဝေမျှထားပါတယ်။

Комментарии

Информация по комментариям в разработке