နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring

Описание к видео နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring

"ပီရူးရဲ့ အငြင်းပွားစရာ အကောင်းဆုံး သမ္မတဟောင်း ဖူဂျီမိုရီ ကွယ်လွန်၊တရုတ်စပိုင်အဖြစ် အလုပ်လုပ်ခဲ့တဲ့ CIA အရာရှိဟောင်းတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ချခံရ၊အီရန်ဒုံးကျည်တွေ သယ်ယူခဲ့တယ်လို့ ယုံကြည်ရတဲ့ ကုန်တင်သင်္ဘော ရုရှား ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့"

စက်တင်ဘာ - ၁၂ ၊၂၀၂၄ ညပိုင်း နိုင်ငံတကာ သတင်း
ဒီနေ့စက်တင်ဘာလ ၁၂ ရက်မှာ ဖြစ်ပွားတဲ့ နိုင်ငံတကာ သတင်းဖြစ်ရပ်တွေထဲက အချို့ကို တင်ဆက်ပေးလိုက်ပါတယ်။


ပီရူးရဲ့ အငြင်းပွားစရာ အကောင်းဆုံး သမ္မတဟောင်း ဖူဂျီမိုရီ ကွယ်လွန်

ပီရူးနိုင်ငံရဲ့ အငြင်းပွားစရာတွေ အဖန်တီးနိုင်ဆုံး ခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ခံရသူ သမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီဟာ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

သူကွယ်လွန်သွားတယ် ဆိုတာကို သမီးဖြစ်သူ ကီကို ဖူဂျီမိုရီက စက်တင်ဘာ ၁၁ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ပီရူးကို ၁၉၉၀ ကနေ ၂၀၀၀ ပြည့်နှစ်ထိ ဦးဆောင်ခဲ့တဲ့ ဖူဂျီမိုရီဟာ အသက် ၈၆ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ မွိုက်စ် သူပုန်တွေအပေါ် ကြမ်းတမ်းခက်ထန်တဲ့ ဖြိုခွင်းမှုတွေကြောင့် လူသိများခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဂတိ လိုက်စားမှုတွေ ထူပြောခဲ့တဲ့ အာဏာရှင်ဆန်ဆန် ခေါင်းဆောင်မျိုးလို့ စွပ်စွဲ ခံခဲ့ရပါတယ်။

တခြားတစ်ဖက်မှာလည်း ဖူဂျီမိုရီဟာ ပီရူးနိုင်ငံရဲ့ စီးပွားရေးကို တည်ငြိမ် ဦးမော့လာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ သူ့လက်ထက်မှာ အတိုက်အခံတွေကို အစုလိုက် သတ်ဖြတ်မှုတွေ အပါအဝင် ကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းခဲ့ဖူးပါတယ်။

၂၀၀၀ ပြည့်နှစ်မှာတော့ သူဦးဆောင်တဲ့ အစိုးရအပေါ် လူထုဆန့်ကျင် အုံကြွမှုတွေ ပြင်းထန်လာတဲ့အတွက် ဖူဂျီမိုရီဟာ ဂျပန်နိုင်ငံဆီ ထွက်ပြေးသွားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ သူ့ကို ချီလီမှာ ဖမ်းမိခဲ့ရာက ပီရူးဆီ ပြန်လက်လွှဲပေးပြီး ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေအတွက် ထောင်ဒဏ် ၂၅ နှစ် စီရင် ချမှတ်ခံခဲ့ရပါတယ်။

၁၅ နှစ်ကြာ ထောင်ဒဏ် ကျခံပြီးတဲ့နောက် မနှစ်တုန်းကတော့ သူဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေကတော့ ပြည်တွင်း သူပုန်ထမှုတွေကို နှိမ်နင်းပြီး ငွေကြေးဖောင်းပွမှုတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့အပေါ် ချီးကျူးခဲ့ပြီး ဆန့်ကျင်သူတွေကတော့ သူမွှေနှောက်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူပေါင်း ၆၉,၀၀၀ လောက် သေဆုံးခဲ့တာကို အမှတ်ရနေပါတယ်။

သူ့ရဲ့ သမီးဖြစ်သူ ကီကိုဟာ လက်ရှိ ပီရူးရဲ့ အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
= = =

တရုတ်စပိုင်အဖြစ် အလုပ်လုပ်ခဲ့တဲ့ CIA အရာရှိဟောင်းတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ချခံရ

အမေရိကန် ထောက်လှမ်းရေးဌာန CIAရဲ့ အရာရှိဟောင်း တဦးဟာ တရုတ်စပိုင်အဖြစ် စွပ်စွဲခံရပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရပါတယ်။

အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ အလက်ဇန္ဒား ယွတ်ချင်မားဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေးဆိုင်ရာ သတင်း အချက်အလက်တွေကို တရုတ်ဆီ ရောင်းစားခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

သူဟာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ မာက သူဟာ FBI ထောက်လှမ်းရေး ဌာနရဲ့ အသွင်ယူ အေးဂျင့် တစ်ဦးဆီမှာ တရုတ်ဆီ အချက်အလက်တွေ ရောင်းစားနေတဲ့ အကြောင်းကို ထုတ်ပြောမိခဲ့ရာက အဖမ်းခံခဲ့ရတာပါ။

ဟောင်ကောင်မှာ မွေးဖွားပြီး အမေရိကန်မှာ အခြေချခဲ့သူ မာဟာ ၁၉၈၂ နေ ၁၉၈၉ ခုနှစ်အတွင်း CIAမှာ အလုပ်လုပ်ခဲ့ပြီး နောက်တော့ FBIဆီ ကူးခဲ့ပါတယ်။ မာနဲ့အတူ သူနဲ့ ဆွေမျိုးတော်စပ်သူ တခြား CIA အရာရှိဟောင်း တစ်ဦးဟာ တရုတ်ဆီကို ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရောင်းစားပြီး စပိုင်အဖြစ် အလုပ်လုပ်ပေးခဲ့ကြောင်း၊ အဲဒီအတွက် မာဟာ ဒေါ်လာ ၅ သောင်းလောက် လက်ခံရရှိခဲ့ကြောင်း တရားရုံး မှတ်တမ်းတွေမှာ စွပ်စွဲ ဖော်ပြထားပါတယ်။

သူပြစ်မှု ကျူးလွန်ခဲ့တဲ့ အချိန်တွေက ကြာညောင်းခဲ့ပြီ ဖြစ်ပေမယ့်လည်း တရားဥပဒေဟာ အချိန် အကန့်အသတ် မရှိဘဲ အမှုမှန်ကို စုံစမ်းဖော်ထုတ်သွားရမှာ ဖြစ်တယ်လို့ FBIရဲ့ အထူးထောက်လှမ်းရေး အေးဂျင့် အကြီးအကဲ စတီဗင် မာရဲလ်က ပြောကြားသွားပါတယ်။

= = =

အီရန်ဒုံးကျည်တွေ သယ်ယူခဲ့တယ်လို့ ယုံကြည်ရတဲ့ ကုန်တင်သင်္ဘော ရုရှား ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့
အီရန်ဆီက ဒုံးကျည်တွေ သယ်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ကုန်တင်သင်္ဘောဟာ ရုရှားပိုင်နက်ဆီ ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။

CNN သတင်းဌာနက ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေကို ကိုးကားပြီး အဲဒီ သင်္ဘောဟာ ကက်စ်ပီယန် ပင်လယ်နဲ့ ထိစပ်နေရာ ရုရှားပိုင် အိုလ်ယာ ဆိပ်ကမ်းကို စက်တင်ဘာ ၄ ရက်မှာ ရောက်ရှိပြီး ဆိုက်ကပ်ထားတာ တွေ့ရကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဒီ သင်္ဘောဟာ ဩဂုတ် ၂၉ ရက်နေ့တုန်းက အီရန်ရဲ့ အမီရာဘတ် ဆိပ်ကမ်းမှာ ရှိနေရာက ပင်လယ်ထဲ ထွက်လာချိန်မှာ နေရာအချက်ပြ ကိရိယာကို ပိတ်လိုက်တယ်လို့ CNNက ဆိုပါတယ်။ နောက်တော့ ဂြိုဟ်တု ဓာတ်ပုံတွေအရ သင်္ဘောဟာ ရုရှားဆိပ်ကမ်း တစ်ခုမှာ ပုန်းလျှိုးကွယ်လျှိုး ကမ်းကပ်ထားတယ် ဆိုတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အီရန်ဟာ ရုရှားအတွက် တာတိုပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ စွပ်စွဲပြီး အီရန်အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က မကြေညာခင် ရက်ပိုင်းအလိုမှာ အဲဒီကုန်တင် သင်္ဘောဟာ မသင်္ကာစရာ အီရန်-ရုရှား ခရီးစဉ်ကို ခုတ်မောင်းခဲ့တာလို့ CNNက ဖော်ပြခဲ့ပါတယ်။

အမေရိကန်က အီရန်ဟာ ကီလိုမီတာ ၁၂၀ လောက်ထိ ပစ်ခတ်နိုင်တဲ့ Fatah-360 ဒုံးကျည်တွေကို ရုရှားဆီ တင်ပို့ ရောင်းချခဲ့ပြီး လာမယ့် သီတင်းပတ်တွေအတွင်း ယူကရိန်း စစ်ပွဲမှာ အဲဒီလက်နက်တွေကို ရုရှားက ထုတ်သုံးလာနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အီရန် အစိုးရကတော့ ရုရှားဆီ လက်နက်ရောင်းချမှုတွေ လုံးဝ မရှိခဲ့ပါဘူးလို့ ငြင်းဆိုထားပါတယ်။

= = =

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке