မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း

Описание к видео မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း

အင်ဒိုနီးရှား ဆူလာဝေဆီ ကျွန်းပေါ်မှာ အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် ၇ ဦးထက်မနည်း သေဆုံး ၊ ရေငုတ်သင်္ဘောကနေ ပစ်လွှတ်လို့ရတဲ့ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ်ကိုမြောက်ကိုရီးယား ထုတ်ပြလိုက် တယ်ဆိုတဲ့ မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

​ဇန်နဝါရီ - ၁၅ ၊၂၀၂၁

အင်ဒိုနီးရှားမှာ အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် ၇ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီ ကျွန်းပေါ်မှာ ရစ်ချ်တာစကေး ၆.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားရဲ့ သဘာဝ ဘေးအန္တရာယ် နောက်ဆက်တွဲ စီမံမှု အေဂျင်စီ (BNPB)က ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှု အတိုင်းအတာကို စာရင်းကောက်ယူဖို့ ကြိုးစားနေဆဲလို့ ပြောပါတယ်။ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အသေအပျောက် ၇ ဦးထိ အတည်ပြုထားနိုင်ပေမယ့် ဒီထက် တိုးလာမယ့် အလားအလာတွေ ရှိနေပါတယ်။ ငလျင် လှုပ်ခတ်တဲ့အတွက် အဆောက်အအုံ အတော်များများ ပြိုကျကုန်သလို ဒဏ်ရာရသူက ရာနဲ့ချီ များပြားခဲ့ပါတယ်။
ငလျင်ရဲ့ ဗဟိုချက်က နိုင်ငံ အနောက်ပိုင်း မာဂျနီမြို့နဲ့ ၆ ကီလိုမီတာလောက်သာ ကွာဝေးပြီး မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဦးတည်ခဲ့ပါတယ်။ မြေတိမ်ပိုင်း ငလျင် ဖြစ်တဲ့ အတွက်လည်း မြေမျက်နှာပြင်ပေါ်မှာ သက်ရောက်မှု ပိုမို အားပြင်းခဲ့တာပါ။
ဒေသစံတော်ချိန်အရ ညသန်းခေါင်ကျော် တစ်နာရီလောက်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်ပြီး နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ ငလျင်က ၇ စက္ကန့်လောက် ကြာတဲ့ထိ သိမ့်သိမ့်တုန်အောင် လှုပ်ခတ်သွားခဲ့တာပါ။ ငလျင် ဗဟိုချက်က ကမ်းရိုးတန်းနဲ့ ကပ်လျက် တည်ရှိနေပေမယ့် ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။
ဒေသခံ မီဒီယာတွေကတော့ မာဂျနီမြို့နဲ့ အနီးတဝိုက်မှာ နေထိုင်သူတွေက ကုန်းမြင့်ပိုင်းကို အရေးပေါ် ရွှေ့ပြောင်းနေပုံတွေ၊ အပျက်အစီးပုံအောက် ပိတ်မိနေတဲ့ ကလေးငယ် တစ်ယောက်ကို လူတွေက ကယ်ထုတ်ဖို့ ကြိုးစားနေပုံတွေကို မှတ်တမ်း ဗီဒီယို ရိုက်ကူး ထုတ်လွှင့် ပြသခဲ့ပါတယ်။ မာဂျနီနဲ့ ဆက်သွယ်ထားတဲ့ အဝေးပြေး လမ်းမကြီးတွေထဲက အနည်းဆုံး တစ်ခုလည်း ပြတ်တောက်သွားခဲ့တာကြောင့် ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး အဖွဲ့တွေ သွားရောက်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။
အခုငလျင်ကြီး မတိုင်ခင် နာရီပိုင်းလောက် အလိုကလည်း အဲဒီဒေသမှာပဲ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။ ငလျင်ပြင်းတွေ ဆက်တိုက် လှုပ်ခတ်နေတာကြောင့် အခုဆိုရင် ဆူလာဝေဆီမှာ နေထိုင်သူတွေက အိမ်ပြန်ဖို့တောင် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားဟာ မကြာသေးခင် ရက်ပိုင်းတွေအတွင်း ဆိုးရွားတဲ့ မတော်တဆမှုတွေ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ဆက်တိုက် ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အင်ဒိုနီးရှားမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပင်လယ်ထဲ ပျက်ကျရာမှာ လူ ၆၂ ဦး ပါသွားခဲ့ပါတယ်။ ဒါ့အပြင် အနောက်ဂျာဗားမှာ မြေပြိုမှုတွေ ဖြစ်ပွားတာကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
================================

ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ်ကို မြောက်ကိုရီးယား ထုတ်ပြ

မြောက်ကိုရီးယား စစ်တပ်ဟာ ရေငုပ်သင်္ဘောကနေ အခြေစိုက် ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ် တစ်ခုကို မိတ်ဆက် ပြသသွားခဲ့ပါတယ်။
ပြုံယမ်းမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြ ချီတက်ပွဲမှာ အဖြူနဲ့ အနက်ရောင်တွေ ဆေးခြယ်ထားတဲ့ ဒုံးကျည်အသစ် တချို့ကို ထရပ်ကားတွေပေါ် တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီချီတက်ပွဲကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရ မီဒီယာတွေကတော့ ဒီဒုံးကျည်တွေဟာ ကမ္ဘာပေါ်မှာ စွမ်းအား အပြင်းထန်ဆုံး စစ်လက်နက်တွေ ဖြစ်တယ်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။ ခါးသီးရန်ဘက် အမေရိကန် ပြည်ထောင်စုမှာ သမ္မတသစ်အဖြစ် ဂျိုးဘိုင်ဒန်က ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့ မတိုင်ခင် ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယားက မဟာဗျူဟာ လက်နက် အသစ်တွေနဲ့ အင်အားပြလာခဲ့တာပါ။
မြောက်ကိုရီးယား မီဒီယာတွေက ဖော်ပြတဲ့ ဓာတ်ပုံတွေမှာတော့ ဒုံးကျည်တွေ တင်ဆောင်လာတဲ့ ထရပ်ကားကြီး လေးစီးဟာ နိုင်ငံတော် အလံတွေကို ဝှေ့ရမ်း အားပေးနေတဲ့ လူထုရှေ့မှောက်ကနေ ဖြတ်သန်း မောင်းနှင်ပြသွားတာ တွေ့ရပါတယ်။ မြောက်ကိုရီးယား အာဏာရ ပါတီရဲ့ အထူးညီလာခံ အပြီးမှာ အခု စစ်ရေးပြ ချီတက်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ညီလာခံမှာ ခေါင်းဆောင်ကြီး ကင်မ်က အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နံပါတ်တစ် ရန်သူတော် အနေနဲ့ ဆက်ရှိနေမယ်လို့ သဘောထား ထုတ်ပြန်ခဲ့သလို မြောက်ကိုရီးယားရဲ့ စစ်လက်နက် စွမ်းရည်ကို မြှင့်တင်သွားမယ်လို့လည်း အတည်ပြုသွားပါတယ်။
နိုင်ငံတကာ လက်နက် ပညာရှင်တွေကတော့ မြောက်ကိုရီးယား ပြသသွားတာဟာ အရင်က မတွေ့ဖူးတဲ့ ဒုံးကျည် အသစ်တွေ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ မြောက်ကိုရီးယားအရေး စောင့်ကြည့် လေ့လာသူ အန်ကစ် ပန်ဒါက “နှစ်အသစ်၊ ပူဂူဆောင် အသစ်”လို့ Twitterမှာ ရေးသားထားပါတယ်။ ပူဂူဆောင် ဆိုတာက ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တွေကို မြောက်ကိုရီးယားမှာ ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။
ကမ္ဘာပေါ်မှာ စွမ်းအား အပြင်းထန်ဆုံး လက်နက်တစ်ခုဖြစ်တဲ့ ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်တွေဟာ မြောက်ကိုရီးယားအတွက် အမှုတော်ထမ်းဖို့ အသင့်ရှိနေကြောင်း၊ ဒါဟာ မြောက်ကိုရီးယား တော်လှန်ရေး တပ်ဖွဲ့ရဲ့ အင်အားကို ပြသတဲ့ ပုံရိပ်တစ်ခုအဖြစ် ညွှန်းဆိုနိုင်ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။
အခုတစ်ကြိမ် စစ်ရေးပြ ချီတက်ပွဲမှာတော့ မြောက်ကိုရီးယားရဲ့ အကြီးစား တိုက်ချင်းပစ်ဒုံးကျည် ICBMတွေကို ထုတ်မပြခဲ့ပါဘူး။ အဲဒီလို ဒုံးကျည်မျိုးတွေကို အောက်တိုဘာလတုန်းက ပိုပြီး ပမာဏ ကျယ်ပြန့်တဲ့ စစ်ရေးပြ အခမ်းအနား တစ်ခုမှာ ပြသခဲ့ဖူးကြောင်း သိရပါတယ်။

Комментарии

Информация по комментариям в разработке