စစ်​​ကောင်စီ​ရေတပ် ပြိုလဲခြင်းရဲ့အစလား | People's Spring

Описание к видео စစ်​​ကောင်စီ​ရေတပ် ပြိုလဲခြင်းရဲ့အစလား | People's Spring

စစ်​​ကောင်စီ​ရေတပ် ပြိုလဲခြင်းရဲ့အစလား

-ဟန်​နွေ/ People's Spring

အာရက္ခတပ်တော်(AA)က စစ်ကောင်စီတပ်ရဲ့ သံတွဲမြို့နယ် မောင်ရွှေလေး ရေတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီး​တော့ ​ခေတ်သစ်မြန်မာ့သမိုင်းမှာ စစ်တပ်ရဲ့​ရေတပ်စခန်းကို ပထမဆုံး သိမ်းပိုက်နိုင်တဲ့ ​တော်လှန်​ရေးအဖွဲ့ ဆိုတဲ့မှတ်တမ်းသစ်ကို​ရေးထိုးလိုက်ပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ တပ်ရင်းဌာနချုပ်တွေနဲ့ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ အထူးအဆန်းမဟုတ်တော့ဘူးလို့ ဆိုရ​အောင် စစ်ရေးအောင်မြင်မှု ရရှိနေတဲ့ အာရက္ခတပ်​တော်အတွက် စက်တင်ဘာ ၅ ရက်မှာ သမိုင်းမှတ်တမ်းသစ်​ရေးထိုးလိုက်ပြန်တာပါ။ သံတွဲမြို့နယ်မှာ​နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ ရေတပ်စခန်း ဌာနချုပ်တစ်ခုကို ပထမဆုံး သိမ်းပိုက်နိုင်တဲ့ တိုင်းရင်းသား တပ်ဖွဲ့အဖြစ် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ဒါ​ကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်​​တောင်ပိုင်းမှာအ​ရေးပါလှတဲ့ သံတွဲမြို့နယ်မှ စစ်တပ်စခန်း​တွေမကျန်​တော့ပါဘူး။

သံတွဲမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ AA အနေနဲ့ ငပလီ(မဇင်)လေဆိပ်ကို ဇူလိုင်လ ၁၆ ရက်​နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လေဆိပ်ကို ပထမဆုံးသိမ်းနိုင်တဲ့ တိုင်းရင်းသားတပ်ဖွဲ့အဖြစ်မှတ်တမ်းရေးထိုးထားတာပါ။ သူ့ရဲ့ မှတ်တမ်း​ကောင်းကို ကိုးကန့်တပ် (MNDAA) ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​​တွေက သြဂုတ်လမှာ လားရှိုးမြို့က အ​​ရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် ​လေယာဥ်ကွင်း​​ နဲ့ လားရှိုးတစ်မြို့လုံးသိမ်းပြီး မီ​အောင်လိုက်ခဲ့ပါတယ် ။

သံတွဲ ​လေဆိပ်သိမ်းပြီး နှစ်လခန့် အကြာ စက်တင်ဘာ ပထမပတ်မှာတော့ စစ်ကောင်စီရဲ့ သံတွဲမြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းကိုAA က သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သံတွဲမြို့ကိုသိမ်းပိုက်ထားတဲ့ AA ဟာ ရေတပ်စခန်းကို အပြီးသတ် သိမ်းနိုင်ဖို့ ဩဂုတ် ၇ ရက်မှာ ထိုးစစ်စခဲ့ပါတယ်။​ရေတပ်စခန်းမတိုက်ခင် AA က ​မြောက်ဘက်မှာ ​တောင်ကုတ်မြို့နယ် ​တောင်ဘက်က ဂွမြို့နယ်က စစ်စခန်း​တွေကိုပါ ထိုးစစ်ဆင် သိမ်းပိုက်​တော့မှာဖြစ်တယ်လို့ သြဂုတ် ၁ ရက်မှာ​ကြေညာပါတယ် ။အဲဒီမြို့နယ်​တွေက ပင်လယ်ပြင်မှာစစ်တပ် ​ရေယာဥ်​တွေနဲ့ ရိက္ခာ၊စစ်အင်အားဖြည့်ဆည်းတာ​မလုပ်နိုင်​အောင် သြဂုတ် ၁ရက် ​နေ့ကစပြီး ဘယ်​ရေယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြု​တော့ဘူးလို့​ကြေညာပါတယ် ။

အဲလို​ကြေညာပြီး စစ်တပ် သယ်ယူပို့​ဆောင်​ရေးလမ်း​တွေဖြတ်​တောက်ပြီး ​တစ်ပါတ်အကြာမှ ရေတပ်စခန်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် ။

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ် (တပ်မတော်-ရေ) စခန်းနဲ့ အဲဒီ ပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီက အဆင့်ဆင့်သော ခုခံစစ်ကို ကြည်း၊ရေ၊ လေ ပစ်ကူ စစ်ကူတွေရယူခုခံခဲ့ပေမယ့် တစ် လအကြာမှာ AAက ရေတပ်စခန်းကို အပြီးသတ် သိမ်းပိုက်ပြီး သံတွဲမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်အောင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။

အခု သိမ်းပိုက်နိုင်ခဲ့တဲ့ ရေတပ်စခန်း မကျဖို့ စစ်ကောင်စီဟာ အင်အား ၁၂၀၀ ကျော် အသုံးပြု ခုခံခဲ့သလို ရေတပ်သင်္ဘောတွေက ပစ်ကူ၊ လေကြောင်း တိုက်ခိုက်မှု၊ စစ်အင်အားဖြည့်တင်းမှု စတဲ့ နည်းပေါင်းစုံ သုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နှစ်​ပေါင်း ၆၀ ​ကျော် နိုင်ငံ့ဘဏ္ဍာ​ငွေ​တွေကို စိတ်တိုင်းကျ သုံးစွဲ ပြီး ​ခေတ်မီ ​ရေယာဥ်၊ယန္တရား နဲ့ လက်နက် မျိုးစုံဖြည့်တင်းထားတဲ့ စစ်တပ်ကို AA က​ရေ​ကြောင်းတိုက်ပွဲမှာ အလဲ ထိုးခဲ့တာဖြစ်ပါတယ် ။

အဲဒီရေတပ်စခန်းမှာ ရက္ခိုင်ဒေသ နေရာအသီးသီးမှာ စစ်ရှုံးပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းထားတဲ့ စစ်မှုမထမ်းမ​နေရ ဥပ​ဒေ​ကြောင့် စစ်သားသစ်ဖြစ်လာသူ​တွေနဲ့ အခြားသောနေရာ​တွေက စစ်ကူအမြောက်အများအားဖြည့်တင်းခဲ့တာလို့ သိရပါတယ်။

ရေတပ်စခန်းမကျစေရေးအတွက် ပင်လယ်ပြင်နဲ့ စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်ကို သုတ်သင်ပြီး စခန်းကို သိမ်းနိုင်ခဲ့တာလို့ AAက ထုတ်ပြန်ပါတယ်။ ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

AA သိမ်းပိုက်ရရှိခဲ့တဲ့ ​မောင်​ရွှေ​လေးရေတပ်စခန်းဟာ နိုင်ငံတဝန်း ရေတပ်အသီးသီးက စစ်ကောင်စီရေတပ်ဖွဲ့ဝင်တွေ ကိုမွေးထုတ်ပေးခဲ့တဲ့သင်တန်းကျောင်းဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပြပါတယ်။

“ရေတပ်သားအားလုံးရေတပ်ဖွဲ့ဝင်အားလုံးNavyမှာရှိတဲ့ စစ်သည်တွေအားလုံးက ဒီသင်တန်းကျောင်းကနေပဲ မွေးထုတ်ပေးတာ။ အခြား ကြည်းတပ်နဲ့ လေတပ်တွေကလည်း ဒိုင်ဗင်လို့ခေါ်တဲ့ ရေငုပ်သင်တန်းတွေကို အဲဒီ သင်တန်းကျောင်းမှာပဲသွားတက်ရတယ်။ တခုတည်းသော ရေတပ်သားများ မွေးထုတ်ရာ၊ ရေငုပ်သင်တန်းသားများ မွေးထုတ်ရာကျောင်းလို့ ပြောလို့ရတယ်။ ပြီးရင် Navy Seal လို့ခေါ်တဲ့ အထူးတပ်ဖွဲ့တွေပေါ့နော် ဒါတွေကို မွေးထုတ်ပေးတဲ့ အဓိက တစ်ခုတည်းသောကျောင်း။ ပြီးရင် ရေတပ်စခန်း ဌာနချုပ်တွေနဲ့ level အဆင့်ရှိတဲ့ ကျောင်း။ ရေတပ်မှာရှိတဲ့ ပင်မတပ် ၆တပ်ထဲမှာလည်း အင်အား အများဆုံး နဲ့ ကျောင်းလို့လည်း ပြောလို့ရပါမယ်” လို့CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ရေတပ်စခန်း လုံးလုံး မကျရှုံးခင် စစ်ကောင်စီတပ်ဖွဲ့တွေ စွန့်ခွာ ထွက်ပြေးမှုတွေရှိခဲ့ပေမယ့် စစ်ကောင်စီက ကြည်းတပ်စစ်ကူ၊ လေကြောင်းနဲ့ စစ်ရေယာဉ် ပစ်ကူတွေ သုံးပြီး ရေတပ် မကျအောင်ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာ​တော့ AAရဲ့​ချေမှုန်းတာကိုခံခဲ့ရတာပါ။

စစ်ကောင်စီတပ်က ဒဏ်ရာရ​တွေ ​သေဆုံးသူတွေကို စစ်သင်္ဘောတွေနဲ့ သယ်ဆောင်ပြီး စစ်တွေ ၊ ဧရာ၀တီ တိုင်းဘက်ကို အကြိမ်ကြိမ်သယ်ယူပြောင်းရွှေ့ခဲ့တယ်လို့လည်း သိရပါတယ်။ ကျန်ခဲ့တဲ့ စစ်သား ရုပ်အလောင်းတွေကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း AAက အသိပေးပါတယ်။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке