အမျိုးသားရေး နှင့် ယနေ့ကမ္ဘာ (Nationalism Vs Globalism)

Описание к видео အမျိုးသားရေး နှင့် ယနေ့ကမ္ဘာ (Nationalism Vs Globalism)

https://www.k2kknowledgebank.com/nati...
https://www.k2kknowledgebank.com/a-da...
အားလုံးပဲမင်္ဂလာပါ။ K2K Knowledge Bank ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်အလှည့်ကျလာတဲ့ ကဏ္ဍကတော့ နိုင်ငံရေးကဏ္ဍပဲဖြစ်ပါတယ်။ ခေါင်းစဥ်လေးကိုတော့ အားလုံးလည်း ဗဟုသုတရနိုင်မယ့်အပြင် မိမိကိုယ်ပိုင်အတွေးအခေါ်နဲ့ ကောက်ချက်ချနိုင်မယ့် ခေါင်းစဥ်လေးကိုရွေးချယ်ထားပါတယ်။ ခေါင်းစဥ်လေးအမည်ကတော့ အမျိုးသားရေးနှင့် ယနေ့ကမ္ဘာလို့ အမည်ပေးထားပါတယ်။ English လိုဆိုရင်တော့ Nationalism အကြောင်းအရာလေး ပေါ့။ Nationalism လို့ခေါ်တဲ့ အမျိုးသားရေးဝါဒကို အရင်ဆုံး စာဖတ်သူမိတ်ဆွေများနားလည်နိုင်စေဖို့ အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်လေးတွေ (Definition) ကို လေ့လာကြည့်ကြရအောင်။

အနောက်တိုင်း နိုင်ငံရေး သုတေသီတို့ရဲ့အယူအဆအရ အမျိုးသားရေးဝါဒ (Nationalism) ဟူသည် လူ့အဖွဲ့အစည်းအကြား တစ်ဦးနှင့်တစ်ဦး စည်းလုံးမှုရှိစေရန် စိတ်ကူးယဥ်ထားတဲ့ ဆက်သွယ်ချက်တစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။ ဥပမာ ဘာသာစကားတူညီမှု၊ သမိုင်းတူညီမှု၊ ယဥ်ကျေးမှု တူညီမှု၊ ကိုးကွယ်သည့်ဘာသာတူညီမှု စတဲ့ တူညီမှုများကို အကြောင်းပြုပြီး စည်းလုံးမှုတည်ဆောက်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ နောက်ပြီး မိမိတို့ လူမျိုး မိမိတို့လူ့အဖွဲ့အစည်းသည် မိမိတို့ကိုယ်တိုင်အုပ်ချုပ်ခွင့်ရှိသည်ဆိုသည့် ယုံကြည်ချက်များ တစ်နည်းအားဖြင့် အချုပ်အခြာအာဏာ သည် မိမိတို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိသည်ဆိုတဲ့ အချက်များလည်း အမျိုးသားရေးဝါဒအတွင်းမှာပါဝင်လို့နေပြန်ပါတယ်။ ထပ်မံဖြည့်သွင်းလို့ရတဲ့အချက်ကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အခြားလူမျိုး နိုင်ငံများထက် အမြဲ ဦးစားပေးတဲ့ သဘောဟာ အမျိုးသားရေး သဘောတရားတစ်ခုပဲဖြစ်ပါတယ်။

အမျိုးသားရေးဝါဒ ဆိုတဲ့ ခေါင်းစဥ်ဟာ တကယ့်ကို Polarising Topic တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီခေါင်းစဥ်ကို စာရေးသူရှာဖွေကြည့်တဲ့အခါမှာ အမျိုးသားရေးကို သဘောကျတဲ့ သူများကလည်း ပြင်းထန်စွာ ခံယူထားကြသလို ဆန့်ကျင်ကြသူများကလည်း ခါးခါးသီးသီး ဖြစ်နေကြတာကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့နောက်ကွယ်မှာ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတရစေမယ့် နိုင်ငံရေးအကြောင်းအရာတွေများစွာ ရှိလို့နေပါတယ်။ ဒုတိယ ကမ္ဘာစစ်နဲ့ ပထမ ကမ္ဘာစစ်တွေသည် စာရေးသူတို့ လူသားအဖွဲ့အစည်းအပေါ်ကို အင်မတန်မှဆိုးရွားစွာ ထိခိုက်စေခဲ့တဲ့ အကြည်းတန်လှတဲ့ ပဋိပက္ခ တွေပဲဖြစ်ပါတယ်။ လူပေါင်းများစွာရဲ့အသက်တွေကို ဆုံးရှုံးစေခဲ့ရုံမျှမက ကမ္ဘာကြီးရဲ့ ဂေဟစနစ်များနှင့် သဘာပတ်ဝန်းကျင် ကို ထိခိုက်စေခဲ့တဲ့ အတွက် ဒီ စစ်ပွဲတွေဟာ လူသားတို့ရဲ့ မမေ့သင့်တဲ့ သမိုင်းတွေပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့အခါမှာ နိုင်ငံရေးပညာရှင်များက ဒီစစ်ပွဲတွေဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေခဲ့ကြပါတယ်။ ဒီနေရာမှာ ပညာရှင်အသီးသီးက Nationalism လို့ခေါ်တဲ့ အမျိုးသားရေးဝါဒကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချ သုံးသပ်ခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း စာရေးသူတို့လို ကိုလိုနီလက်အောက်ခံတွေ ဖြစ်ခဲ့ကြတဲ့ အာရှဒေသများမှာဆိုရင် ကိုလိုနီလက်အောက်ကနေရုန်းထွက်ပြီး လွတ်လပ်ရေးကို အရယူဖို့အတွက် အမျိုးသားရေးဝါဒ သည်အဓိကကျတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလိုနိုင်ငံတွေမှာဆိုရင် အမျိုးသားရေးဝါဒကို သဘောကျသူ များပြားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

စာရေးသူတို့ရဲ့ ကမ္ဘာကြီးဟာ တော်တော်လေးကို ပင်းပန်းလို့ နေပါပြီ။ ကမ္ဘာကြီးကို ကျေးဇူးဆပ်ဖို့ ကမ္ဘာကြီးမှာနေထိုင်နေကြတဲ့ လူသားတွေမှာတာဝန်ရှိပါတယ်။ ဒါကြောင့် ကိစ္စရပ်တိုင်းကို ကမ္ဘာနဲ့ ချိန်ညှိစဥ်းစားဖို့ လိုအပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကို လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်တည်းအတွက် ကြည့်ပြီး ဆုံးဖြတ်နေမယ်ဆိုရင် ဒါဟာ မိုက်မဲတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တိုးတက်လာနေတဲ့ နည်းပညာနဲ့အတူ စီးပွားရေးစနစ်သည်လည်း တစ်ကမ္ဘာလုံးကို ရွာကြီးတစ်ရွာသဖွယ် ဆက်ဆံနိုင်အောင်ဆောင်ရွက်ထားခဲ့ပြီးဖြစ်ပါတယ်။ တစ်နိုင်ငံရဲ့စီးပွားရေး ထိခိုက်မှုဟာ တစ်ကမ္ဘာလုံးကိုရိုက်ခတ်သွားတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကို စာရေးသူတို့လူသားတွေ COVID-19 ကပ်ရောဂါ မှာ ကောင်းစွာသိရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင်ကပ်ရောဂါလို လောကသားတွေအားလုံးအရေးနဲ့ သက်ဆိုင်လာတဲ့အခါမှာ တစ်နိုင်ငံတည်း ကျိတ်ပြီး ဖြေရှင်းနေလို့လည်း မရပါဘူး။ တစ်ကမ္ဘာလုံးက လူသားတွေအားလုံး လက်တွဲပြီး ဖြေရှင်းမှရမှာဖြစ်ပါတယ်။ အနာဂါတ်မှာ AI ကဲ့သို့ နည်းပညာမြင့်မားလာမှုတွေကြောင့် ကမ္ဘာ့လူဦးရေတော်တော်များများ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ချေရှိပါတယ်။ ဒီလိုကိစ္စရပ်တွေကို တစ်ကမ္ဘာလုံးက အတူတကွ ဖြေရှင်းသွားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ဆိုးရွားလာမှုတွေဟာ သိသိသာသာ ဖြစ်ပေါ်နေတာမို့ တစ်လောကလုံး ပူးပေါင်းထိန်းသိမ်း ဖို့အထူးလိုအပ်လို့နေပါတယ်။ အခုလို တစ်လောကလုံးနဲ့သက်ဆိုင်တဲ့ အရေးတွေလိုက်ပြော နေမယ်ဆိုရင် ပြောစရာတွေအများကြီးရှိလို့နေပါတယ်။ စာဖတ်သူမိတ်ဆွေတို့ကိုယ်တိုင်လည်း စဥ်းစားကြည့်လို့ ရမယ်ထင်ပါတယ်။

တစ်ဖက်မှာလည်း ဒီကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ စာရေးသူတို့ လူမျိုးအသီးသီးစီမှာ တန်ဖိုးကြီးတဲ့ သမိုင်းအမွေအနှစ်တွေ၊ ယဥ်ကျေးမှုတွေ၊ ဘာသာစကားတွေ၊ များစွာကျန်ရှိနေပါသေးတယ်။ ဒီအရာတွေကို ဘာလို့ အမွေအနှစ်လို့ ခေါ်ကြသလဲ ဆိုတော့ ထိန်းသိမ်းသင့်ထိန်းသိမ်းအပ်လို့ပဲဖြစ်ပါတယ်။ စာရေးသူ အရင် က မိမိတို့ရဲ့ မိခင်ဘာသာစကား ဘယ်လောက်အရေးကြီးသလဲဆိုတာကို “မိမိနာမည်ကို မိခင်ဘာသာစကားနဲ့ မရေးနိုင်တော့တဲ့ နေ့တစ်နေ့” ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ မိမိတို့ဘာသာစကားကို တန်ဖိုးထားတတ်ဖို့ဆိုတာ အမျိုးသားရေးစိတ်ဓာတ်အခြေခံရှိမှသာဆောင်ရွက်နိုင်ပါလိမ့်မယ်။ စာရေးသူရဲ့ ဘိုး၊ ဘေး၊ဘီ၊ဘင် အဆက်ဆက် ဒီရေဒီမြေမှာ နေထိုင်ခဲ့ကြပြီး ဒီရေဒီမြေကို ခုခံကာကွယ်ရင်း အသက်ပေးသွားခဲ့ကြသူများလည်း ရှိသလို ဒီရေဒီမြေအတွက် တစ်နည်းတစ်ဖုံဖြင့် အကျိုးပြုခဲ့ကြသူများဖြစ်ပါတယ်။ အဲ့အတွက် ဒီရေဒီမြေနဲ့ တစ်မြေတည်းသားချင်း ညီကိုမောင်နှမများသည် စာရေးသူအတွက် တခြားနိုင်ငံများထက် ဦးစားပေးအဆင့်မှာအမြဲရှိနေမှာဖြစ်ပါတယ်။

Комментарии

Информация по комментариям в разработке