ဂျပန်ဝန်ကြီးချုပ်သစ် ဆုပ်ကိုင်ထားတဲ့ အာရှNATO မဟာမိတ် ထူထောင်ရေး စိတ်ကူးအိပ်မက် | People's Spring

Описание к видео ဂျပန်ဝန်ကြီးချုပ်သစ် ဆုပ်ကိုင်ထားတဲ့ အာရှNATO မဟာမိတ် ထူထောင်ရေး စိတ်ကူးအိပ်မက် | People's Spring

ဂျပန်ဝန်ကြီးချုပ်သစ် ဆုပ်ကိုင်ထားတဲ့ အာရှNATO မဟာမိတ် ထူထောင်ရေး စိတ်ကူးအိပ်မက်

ဂျပန် ဝန်ကြီးချုပ်နေရာ အပြောင်းအလဲ ဖြစ်ခဲ့တာဟာ နည်းနည်း ရုတ်တရက် ဆန်တယ် ဆိုပေမယ့်လည်း အကြောင်းတရား အားဖြင့်တော့ ရိုးရှင်းပါတယ်။ အစိုးရ အဖွဲ့ထဲမှာ အဂတိ လိုက်စားမှု အရှုပ်အထွေးတွေကြောင့် နာမည်ပျက်လာတာ၊ လူထုထောက်ခံမှု လျော့နည်းလာတာတွေကို အရှိအတိုင်း လက်ခံပြီး ကိုယ်တိုင် တာဝန်ယူတဲ့ အနေနဲ့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ အစိုးရ အဖွဲ့နဲ့ အာဏာရပါတီ ခေါင်းဆောင် နေရာတွေကနေ နုတ်ထွက်ပေးခဲ့ပါတယ်။ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)အတွင်းပိုင်းမှာ ခေါင်းဆောင်သစ် နေရာအတွက် ရွေးကောက်ပွဲ ကျင်းပပြီး မဲအများဆုံးနဲ့ အနိုင်ရသူ ကာကွယ်ရေး ဝန်ကြီးဟောင်း ရှီဂီရူ အီရှီဘာက ပါတီခေါင်းဆောင် ဖြစ်လာတယ်။ အာဏာရပါတီရဲ့ ခေါင်းဆောင် ဖြစ်တာကြောင့် သူဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ဝန်ကြီးချုပ် နေရာကိုလည်း ဆက်ခံနိုင်ခဲ့တယ်။

ပြောရမယ်ဆိုရင် အီရှီဘာ အာဏာရလာတဲ့ အခြေအနေက သိပ်ပြီး ဆန်းဆန်းပြားပြား နောက်ခံတွေ မရှိခဲ့ဘူး။ သူဟာ ၂၀၀၇ ကနေ ၂၀၀၈ ထိ ကာကွယ်ရေး ဝန်ကြီးအဖြစ်၊ ၂၀၀၈ ကနေ ၂၀၀၉ ခုနှစ်ထိ သစ်တော၊ စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်း ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတယ်။ ဝန်ကြီးချုပ် နေရာဆီ တက်လာတဲ့ လမ်းကြောင်းက မထူးဆန်းဘူး ဆိုပေမယ့် ဝန်ကြီးချုပ် ဖြစ်လာပြီးချိန်မှာ သူအကောင်အထည် ဖော်ချင်တဲ့ ဆန္ဒတစ်ခုကတော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒါကတော့ အာရှတိုက်ရဲ့ NATO စစ်မဟာမိတ် အဖွဲ့မျိုး ပေါ်ထွန်းလာစေချင်တယ် ဆိုတာပါပဲ။

ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတလျှောက် စစ်ဆန့်ကျင်ရေး ဝါဒကို လက်ကိုင်ထားပြီး စစ်မက်ရေးရာကို အားမပေးတဲ့ အခြေခံ ဥပဒေမျိုးကို လက်ကိုင်ပြုခဲ့တယ်။ ဂျပန်ရဲ့ စစ်အင်အားကို ကာကွယ်ရေး ကဏ္ဍအတွက်သာ တင်းတင်းကျပ်ကျပ် ကန့်သတ်ပြီး တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ ဒေသတွင်း ခါးသီးပြိုင်ဘက် တရုတ်နဲ့ ရုရှားတို့ရဲ့ စစ်အင်အား ချဲ့ထွင်မှု၊ ရန်လိုမှုတွေကို အကြောင်းပြုပြီး ဂျပန်ဟာ ငြိမ်းချမ်းရေးအပေါ် အလွန်အကျွံ ယုံကြည်မှီခိုချင်တဲ့ လမ်းစဉ်ကို ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်ထက်မှာ စတင် စွန့်လွှတ်ခဲ့တယ်။ နိုင်ငံရဲ့ စစ်အင်အားကို ပြန်လည် ချဲ့ထွင် တည်ဆောက်လာခဲ့သလို ကာကွယ်ရေး အသုံးစရိတ်ကိုလည်း နှစ်စဉ် တိုးမြှင့်လာခဲ့တယ်။ အီရှီဘီဟာ အာဘေး စတင်ချမှတ်ခဲ့တဲ့ ဂျပန်စစ်အင်အား ပြန်လည် ထူထောင်ရေး လမ်းစဉ်ကို ယုံကြည်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက လက်ရှိ ကမ္ဘာ့ရေးရာ အခင်းအကျင်းတွေကို ခြုံငုံ လေ့လာမယ်ဆိုရင် ဂျပန်ဖြစ်စေ၊ တခြားသော အာရှ မဟာမိတ် နိုင်ငံတွေဖြစ်စေ သီးခြားစီ ရပ်တည်ဖို့ မလုံလောက်ဘူးလို့ ယူဆတယ်။ အဲဒီအတွက် သူအဓိက လိုလားတဲ့ အပြောင်းအလဲ နှစ်ခုကတော့ ဂျပန်ပါဝင်တဲ့ အာရှ NATO စစ်မဟာမိတ် ပေါ်ထွန်းစေဖို့ ဆိုတာရယ်၊ ဂျပန်က နောင်တစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နျူကလီးယား လက်နက်တိုက်မျိုး လက်ကိုင်ရှိနေဖို့ရယ်ပဲ ဖြစ်ပါတယ်။

ပါတီခေါင်းဆောင်နေရာ ရွေးကောက်ပွဲ မတိုင်ခင် ရေပန်းအစားဆုံး အဆင့်မျိုးကို ဖြတ်သန်းနေဆဲ ကာလတုန်းက အီရှီဘာက ဟတ်ဒ်ဆန် အင်စတီကျုနဲ့ အင်တာဗျူးတစ်ခု လုပ်ခဲ့တယ်။ အဲဒီကတည်းက သူဟာ အရင်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အာရှ NATO အစီအမံကို လက်မလျှော့သေးဘူးလို့ အီရှီဘာက အတည်ပြုခဲ့ပါတယ်။ ဒီကိစ္စဟာ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ အင်မတန် ခက်ခဲပြီး၊ အကန့်အသတ်တွေလည်း များပြားနိုင်တာကို အီရှီဘာက လက်ခံတယ်။ ဒါပေမဲ့ မဖြစ်မနေ ကြိုးစားကြည့်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ယူကရိန်း ကြုံနေတဲ့ အခြေအနေမျိုးဟာ နောက်တစ်နေ့ အာရှတိုက်မှာလည်း ဖြစ်လာနိုင်တယ်လို့ သူက ဆိုတယ်။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့သလိုမျိုး အာရှနိုင်ငံတွေကိုလည်း အင်အားကြီး နိုင်ငံတစ်ခုခုက ကျူးကျော်လာရင် ဘယ်လို တုံ့ပြန်မလဲလို့ အီရှီဘာက မေးခွန်းထုတ်ခဲ့ပါတယ်။ ရုရှားရဲ့ ရန်လိုမှုကို ယူကရိန်းက ကြံ့ကြံ့ခံရာမှာ ကျောထောက်နောက်ခံအဖြစ် အားကောင်းတဲ့ ဥရောပ မဟာမိတ် အင်အားစုကြီး NATO ရှိနေတာကို သူက ထောက်ပြခဲ့ပြီး အာရှတိုက်မှာလည်း ကိုယ်ပိုင်ဗားရှင်းမျိုးနဲ့ NATOလို အင်အားစု ရှိသင့်တယ်လို့ အီရှီဘာက ပြောပါတယ်။

အခုတော့ သူဟာ ဂျပန်ရဲ့ ဝန်ကြီးချုပ် ဖြစ်လာပါပြီ။ ဂျပန်ရဲ့ အဓိက မဟာမိတ် စူပါပါဝါ နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ သိပ်မကြာခင်မှာ ခေါင်းဆောင်နေရာ သေချာပေါက် ပြောင်းလဲပါတော့မယ်။ အီရှီဘာရဲ့ နိုင်ငံခြားရေး မူဝါဒ အခင်းအကျင်းတွေထဲမှာတော့ အမေရိကန် သမ္မတသစ်နဲ့ ထိတွေ့ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီး အာရှNATO ပေါ်ထွန်းရေးကိစ္စ စည်းရုံးဖို့လည်း ပါကောင်း ပါနေနိုင်ပါတယ်။

ဒါပေမဲ့ အာရှNATO အစုအဖွဲ့ကို ထူထောင်နိုင်ဖို့ ဆိုတာဟာ လူကြိုက်များတဲ့ အတွေးအခေါ်တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ ကာကွယ်ရေး ကဏ္ဍအတွက်တော့ ဒီကိစ္စဟာ အကျိုးရှိနိုင်ပေမယ့်လည်း တကယ်တမ်း ပေါ်ထွန်းလာရင် အဖွဲ့ဝင် နိုင်ငံတွေဟာ တရုတ်နဲ့ ရုရှားတို့ဆီက ခါးသီးခက်ထန်တဲ့ ဆက်ဆံရေးမျိုးကို ဖိတ်ခေါ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်ဟာ အရင်ကတည်းက ရှိခဲ့ဖူးတဲ့ အာရှNATO ပေါ်ထွန်းရေးဆိုတဲ့ အတွေးအမြင်ကို တိတိကျကျကြီး ဟန့်တားထားခဲ့ပါတယ်။

ဂျပန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး ကဏ္ဍအတွက် တတ်နိုင်သမျှ အရေအတွက် အနည်းဆုံး တပ်အင်အားကိုသာ စုစည်းဖို့ ပြဋ္ဌာန်းထားပါတယ်။ အခုအခါ ဂျပန်ဟာ ကာကွယ်ရေး ကဏ္ဍကို အင်တိုက်အားတိုက် ချဲ့ထွင်လာတယ် ဆိုတဲ့တိုင်အောင် အဲဒီ ပြဋ္ဌာန်းချက်အောက်မှာ ကန့်သတ်ချက်တွေ အများကြီး ကြုံနေရဆဲပါ။ ဒီတော့ ဂျပန်ဟာ ကာကွယ်ရေးနဲ့ ပတ်သက်ရင် မဟာမိတ် အမေရိကန်အပေါ် အများကြီး မှီခိုနေရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဂျပန်ဟာ ကိုယ်တိုင် တိုက်ခိုက်ခံရတာ မဟုတ်ရင် တခြားနိုင်ငံတစ်ခုကို စစ်ကြေညာလို့၊ လက်ဦးမှုယူ တိုက်ခိုက်လို့ မရပါဘူး။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке