NUG နဲ့ မပူးပေါင်းသလို အပစ်ရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးမယ်လို့ MNDAA ကြေညာ | People's Spring

Описание к видео NUG နဲ့ မပူးပေါင်းသလို အပစ်ရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးမယ်လို့ MNDAA ကြေညာ | People's Spring

NUG နဲ့ မပူးပေါင်းသလို အပစ်ရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးမယ်လို့ MNDAA ကြေညာ

People's Spring

ကိုးကန့်တပ် MNDAA က မန္တလေးနဲ့ တောင်ကြီးမြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်တာ လုံးဝပြုလုပ်မှာ မဟုတ်‌ကြောင်း၊ ဒါပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမှာဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

MNDAA အနေနဲ့ စစ်မှန်‌တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမှာမဟုတ်ဘဲ နိုင်ငံတော်ကနေ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းတွေကို လုံးဝ ပြုလုပ်မှာမဟုတ်ကြောင်း ထည့်သွင်းဖော်ပြပါတယ်။

တရုတ် ဒါမှမဟုတ် မြန်မာကိုဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းတွေနဲ့ မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းဟာ MNDAA ရဲ့ နိုင်ငံရေး Redline ဖြစ်ပြီး NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတာ၊ စစ်မြေပြင် ချဲ့ထွင်တာတွေကိုလည်း လုံးဝပြုလုပ်မှာ မဟုတ်ကြောင်း ပါရှိပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ အထူးမေတ္တာရပ်ခံကြောင်းလည်း MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MNDAA အနေနဲ့လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနဲ့ တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းလမ်းစဉ်နဲ့ အဖြေရှာဖြေရှင်းသွားမယ်လို့ တပါတည်းအသိပေးထားပါတယ်။

ဒီအကြောင်းအရာကို MNDAA စစ်ရေးကော်မတီက စက်တင်ဘာလဆန်းမှာ တရုတ်ဘာသာနဲ့ ထုတ်ပြန်ပြီးနောက် ခဏအကြာမှာ ဖြုတ်ချခဲ့ပြီး မနေ့က စက်တင်ဘာ ၁၈ ရက်ညပိုင်းမှာတော့ မြန်မာဘာသာနဲ့ ထပ်မံထုတ်ပြန်လာတာပါ။

အဲဒီနောက်မှာတော့ သတင်းထုတ်ပြန်ချက်ကို ပြစ်တင်ရှုံ့ချကြောင်း လူမှုကွန်ရက်သုံးစွဲသူအချို့က မှတ်ချက်ပြုနေကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်က စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ လူထုနဲ့အတူ တိုက်ခိုက်သွားမယ်လို့ပြောခဲ့ပြီး အခုတော့ တရုတ်အစိုးရအလိုကျ စစ်ကောင်စီကိုဆက်မတိုက်တော့ဘဲ တိုက်ပွဲတွေရပ်တန့်တာဟာ MNDAAအနေနဲ့ လူထုအပေါ် သစ္စာဖောက်တာလို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

တရုတ်ဘက်ကလည်း သူ့စကားနားမထောင်ရင် လောက်ကိုင်ကို မီးဖြတ်ပြီး နယ်စပ်ကုန်သွယ်ရေးတွေ ဖွင့်မပေးဘဲ ဖိအားပေးထားကြောင်း ရှမ်းမြောက်ကသတင်းရင်းမြစ် ပြောပါတယ်။

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့၊ သိန္နီမြို့၊ ချင်းရွှေဟော် ၊ကွမ်းလုံမြို့အပါအဝင် မြို့ကြီးအချို့ကိုသိမ်းယူထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်က နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာရှိပါတယ်။

အဲဒီနောက် ဝမ်ယိဟာ နေပြည်တော်ခရီးစဉ်အပြီး ထိုင်းကိုရောက်ချိန်မှာ မြန်မာနဲ့ပတ်သက်လို့ တရုတ်ရဲ့ သဘောထား ၃ချက်ကို အသိပေးခဲ့ပါတယ်။

အဲဲဒီအချက်တွေကတော့ မြန်မာမှာ ပြည်တွင်းစစ်ဖြစ်နေတာ ၊အာဆီယံမှာမြန်မာကိုချန်လှပ်ထားတာ ၊ မြန်မာ့အရေးကို ပြည်ပ ဝင်ရောက်စွတ်ဖက်တာတွေကို လုံးဝခွင့်မပြုဘူးလို့ တရုတ်အစိုးရရဲ့သဘောထား စည်း ၃ စည်းကို နိုင်ငံတကာဆီ အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке