#သုသာန်ဓုတင်ဆောင်ခြင်းသီတင်းကျွတ်လပြည့်ညနှင့်ရေနစ်သေတဲ့အလောင်း

Описание к видео #သုသာန်ဓုတင်ဆောင်ခြင်းသီတင်းကျွတ်လပြည့်ညနှင့်ရေနစ်သေတဲ့အလောင်း

#သုသာန်ဓုတင်ဆောင်ခြင်း
သီတင်းကျွတ်လပြည့်ညနှင့်ရေနစ်သေတဲ့အလောင်း(အပိုင်း၁)

၁၁။ သောသာနိကင်္ဂ (သုသာန်ဓုတင်)
………………………………………………

က- အဓိပ္ပါယ်။

-သူသေကောင်ကို မီးဖုတ်(မီးရှို့)ရာ တစပြင်သုသာန်၌ နေခြင်းသည် သုသာန မည်၏။
-သုသာန်၌နေလေ့ရှိသူသည် သောသာနိက မည်၏။
-သုသာန်၌နေလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာသည် သောသာနိကင်္ဂ (သုသာန်ဓုတင်) မည်၏။

ခ- ဆောက်တည်ပုံ။

"န သုသာနံ ပဋိက္ခိပါမိ" ဟု လည်းကောင်း၊
"သောသာနိင်္က ံ သမာဓိယာမိ" ဟု လည်းကောင်း၊
"န သုသာနံ ပဋိက္ခိပါမိ၊ သောသာနိင်္က ံ သမာဓိယာမိ" ဟု လည်းကောင်း တစ်မျိုးမျိုးကို သုံးကြိမ်ရွတ်ဆို၍ ဆောက်တည်နိုင်၏။

အနက်။
န သုသာနံ=သင်္ချိုင်းမဟုတ်သော အရပ်၌နေခြင်းကို၊ ပဋိက္ခိပါမိ= ရှောင်ကျဉ်ပါ၏။
သောသာနိင်္ကံ= သုသာန်လက္ခဏာရှိသောအရပ်၌ နေလေ့ရှိသောပုဂ္ဂိုလ်၏၊ အကြောင်းအင်္ဂါ သမာဒါနစေတနာကို၊ သမာဓိယာမိ= ဆောက်တည်ပါ၏။

ဂ-အစီအရင်။

သုသာန်ဓုတင်ဆောင်ပုဂ္ဂိုလ်သည် လူသေကောင်ကို မီးရှို့၊ မြေမြှုပ်၍ သုသာန်တည်းဟု သတ်မှတ်ထားသော နေရာ၌ နေအပ်၏၊
အလောင်းကောင်များကို မီးရှို့မြေမြှုပ် သဂြိုဟ်ထားသော်လည်း သုသာန်ဟူ၍ မသမုတ်ရသေးလျှင် မနေအပ်၊
သုသာန်ဟု သတ်မှတ်ပြီးနောက် နောက်ထပ်အလောင်းကောင်များ ၁၂-နှစ်တိုင်တိုင် မသဂြိုလ်တော့ပဲ စွန့်ပစ်ထားသည့်တိုင် သုသာန်ပင် မည်၏။ ၁၂-နှစ်ကျော်လျှင်မူ သုသာန်မဟုတ်တော့။

သုသာန်ဓုတင်ဆောင်ပုဂ္ဂိုလ်သည်
သုသာန်တွင် စင်္ကြ ံ၊ မဏ္ဍပ် စသည်တို့ကိုပြု၍၊
ညောင်စောင်း၊ ကုလားထိုင် တို့ကိုထား၍၊
သောက်ရေ သုံးရေတို့ကို တည်ထား၍၊
တရားစာပေများပို့ချလျက် မနေအပ်။

ထိုဓုတင်ဆောင်ရခြင်းသည် အလွန်၀န်လေး၏၊ ထိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးရန်တို့ကို တားဆီးပယ်ဖျောက်နိုင်ရန်၊ ဒေသရှိ သံဃာထေရ်ကြီးတို့ကိုလည်းကောင်း၊
ဒေသဆိုင်ရာ အစိုးရအရာရှိ (ရွာသူကြီး/အုပ်ချုပ်ရေးမှူး) တို့ကိုလည်းကောင်း၊ မိမိသည် သုသာန်၌နေကြောင်းကို ကြိုတင်အသိပေး၍ မမေ့မလျော့နေအပ်၏။
(ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၄၄)တွင် သုသာန်စောင့်ကိုလည်း အသိပေးထားရမည် ဟု လာ၏။

သုသာန်တွင် စင်္ကြံသွားစဉ် (သံဝေဂဖြစ်စေခြင်း၊ အတ္တဒိဋ္ဌိကို စွန့်ခြင်းအကျိုးငှာ) သူသေကောင် မီးရှို့ရာ၊ မြှုပ်နှံရာ နေရာတို့ကို စဉ်းငယ်စောင်းငဲ့ ကြည့်အပ်၏။
သုသာန်သို့သွားရာတွင် ပင်မလမ်းမကြီးမှ ဖဲ၍ လမ်းကြောင်းမဟုတ်သော လမ်းငယ်လမ်းကြားဖြင့် (မထင်မရှား) သွားအပ်၏။

သုသာန်ရှိ သစ်ပင် သစ်ငုတ်၊ ခြုံပုတ်၊ တောင်ပို့ စသည်တို့ကို ညဘက်တွင်မြင်လျှင် ကြောက်လန့်မှု မဖြစ်စေရန် နေ့ဘက်ကတည်းက ထိုထိုအနေအထားတို့ကို ကြည့်ရှုမှတ်သားထားအပ်၏။
ဘီလူး၊ ပြိတ္တာ၊ တစ္ဆေမှင်စာ စသည်တို့ ညဉ့်အခါ ညည်းညူမည်တမ်း လှည့်လည်သွားလာကြသည်ကို မြင်မိလျှင် တစုံတခုသော ခဲ၊ တုတ် လက်နက်တို့ဖြင့် မပစ်ခတ်အပ်ပေ။

သုသာန်သို့ နေ့စဉ်သွားရမည်၊ မဇ္စျိမယံ ည ၁၀-နာရီ မှ ၂-နာရီအထိ သုသာန်၌နေ၍၊ ပစ္ဆိမယံ အတွင်း ကျောင်းသို့ပြန်လာအပ်၏ ဟု အင်္ဂုတ္တရနိကာယ်ဆောင် ဆရာမြတ်တို့ မိန့်ဆိုကုန်၏။ သုသာန်မှအပြန်တွင် ဘီလူး၊ ပြိတ္တာ စသည်တို့ ပါလာတတ်သောကြောင့် ဒါယကာတို့၏ နေအိမ်သို့ မ၀င်အပ်။
(ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၄၄)တွင် သုသာန်၌နေသောရဟန်း/ပုဂ္ဂိုလ်သည် ဘီလူး၊ ပြိတ္တာစသူတို့ နှစ်သက်သော ငါး၊ အမဲ၊ နှမ်းလှော်မှုန့်၊ ဆီ၊ တင်လဲ အစရှိသည်တို့ကို ရှောင်ကျဉ်ထိုက်၏။ နေ့အခါ၌ မအိပ်ထိုက်၊ ပျင်းရိသူလည်း မဖြစ်စေရ၊ လုံ့လဝီရိယရှိသူ ဖြစ်အပ်၏။ မစဉ်းလဲ၊ မကောက်ကျစ်၊ မလှည့်ပတ်သည်ဖြစ်၍ ကောင်းသောအလိုဆန္ဒရှိသူ ဖြစ်ရာ၏။ ညချမ်းအခါ လူသူအားလုံးတို့အိပ်ပြီးနောက် ကျောင်းမှ သုသာန်သို့ သွားအပ်၏။ မိုးသောက်ယံအခါ လူအများမနိုးမီ ကျောင်းသို့ပြန်အပ်၏ ဟု လာရှိ၏။
မှတ်ချက် ။ ။ ကြောက်တတ်လျှင် အဖော်ခေါ်၍ သုသာန်သို့သွားနိုင်၏။

ဃ- ပုဂ္ဂိုလ်အပြား။

သုသာန်ဓုတင်ဆောင် ဥက္ကဋ္ဌပုဂ္ဂိုလ်သည်
-နေ့စဉ်မပြတ် သူသေကောင်ဖုတ်ခြင်း၊
-ကောင်ပုပ်နံ့နံခြင်း၊
-ကျန်ရစ်သူတို့၏ ငိုကြွေးသံများရှိသော သုသာန်၌ နေအပ်၏။

မဇ္စျိမပုဂ္ဂိုလ်သည် ထိုသုံးမျိုးတွင် တစ်မျိုးမျိုးရှိသော သုသာန်၌ နေအပ်၏။

မုဒုပုဂ္ဂိုလ်သည် သုသာန်လက္ခဏာရှိပြီးသော၊ ၁၂-နှစ်တိုင်အောင် အလောင်းကောင် မီးဖုတ်မြေမြှပ်ခြင်း မပြုထားသော သုသာန်မည်ကာမျှ သုသာန်၌ပင် နေခြင်းငှာအပ်၏။

င- ဓုတင်ပျက်ခြင်း။

သုသာန်လက္ခဏာမရှိသောအရပ်၌ နေလျှင် ဓုတင်ပျက်၏။
အဂုတ္တရနိကာယ်ဆောင် မထေရ်မြတ်တို့က သုသာန်သို့မသွားသောနေ့၌ ဓုတင်ပျက်၏ ဟု မိန့်ဆိုတော်မူကြ၏။

စ- အကျိုးအာနိသင်။

-သေခြင်းတရားကို မပြတ်သတိရခြင်း၊
-မမေ့လျော့သောသတိဖြင့် နေလေ့ရှိခြင်း၊
-အသုဘအာရုံနိမိတ်ကို ရရှိခြင်း၊
-ကာမရာဂကို တားမြစ်နိုင်ခြင်း၊
-ခန္ဓာ၏ စက်ဆုတ်ရွံရှာဖွယ် အသုဘသဘောများကို သိမြင်ရခြင်း၊ သံဝေဂဉာဏ်တိုးပွားများပြားခြင်း၊
-ငါသည် အနာကင်း၏၊ နုပျို၏၊ အသက်ရှည်၏ ဟူသော မာန်ယစ်ခြင်းကို ပယ်နိုင်ခြင်း၊
-ကြောက်မက်ဖွယ်အာရုံတို့၌ သည်းခံနိုင်ခြင်း၊
-နတ်၊ ဘီလူး၊ ပြိတ္တာတို့၏ အလေးအမြတ်ပြုအပ်သူ ဖြစ်ခြင်း၊
-အလိုနည်းခြင်း စသော ကောင်းမြတ်သောအကျိုးအာနိသင်တို့ ဖြစ်ထွန်းစေ၏။

တိုက်တွန်းချက်

သုသာန်ဓုတင်ဆောင်ပုဂ္ဂိုလ်သည် မရဏာနုဿတိဘာ၀နာ အစွမ်းကြောင့် အိပ်မက်၌လည်း မမေ့မလျော့ရှိ၏။
များစွာသော အသုဘနိမိတ်တို့ကြောင့် ကာမရာဂတည်းဟူသော ကိလေသာစိတ်များ မဖြစ်စေနိုင်ကုန်။
ပြန့်ပြောကြီးကျယ်များပြားသော ထိတ်လန့်တတ်သော သံဝေဂဉာဏ်သို့ ရောက်သောကြောင့် မာန်ယစ်ခြင်းကို ပယ်နိုင်၍ သေခြင်းကင်းရာ ငြိမ်းအေးချမ်းသာသော နိဗ္ဗာန်ကို ဦးတည်လျက် ကောင်းစွာလုံ့လပြု၍ ကြိုးစားအားထုတ်တတ်၏။
ဤသို့လျှင် များပြားလှစွာသော ဂုဏ်ကျေးဇူးတို့ကို ဖြစ်ထွန်းစေတတ်သောကြောင့် ယောဂီရဟန်းမြတ်သည် သုသာန်ဓုတင်ဆောင်ခြင်းကို ကောင်းစွာကြိုးစား အားထုတ်အပ်ပေတော့သတည်း။
…………………………………………………………………….

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
၀၉၇၉၂၁၃၀၄၃၀
၀၉၂၅၂၄၀၃၀၅၂

ဤစာစုဖြင့် သမ္မာသမ္ဗုဒ္ဓဘုရားရှင် နှင့်
ဆရာသခင်ကျေးဇူးရှင် ဝိနယဂရုက၊ ဝိနယဓရ အရှင်သူမြတ်များအား ပူဇော်ပါ၏။

Комментарии

Информация по комментариям в разработке