ဖလော်ရီဒါကိုဟာရီကိန်း မီလ်တန် ဝင်ရောက်တိုက်ခတ်ပြီး အသေအပျောက် ဒါဇင်နဲ့ချီ များပြား | People's Spring

Описание к видео ဖလော်ရီဒါကိုဟာရီကိန်း မီလ်တန် ဝင်ရောက်တိုက်ခတ်ပြီး အသေအပျောက် ဒါဇင်နဲ့ချီ များပြား | People's Spring

ဖလော်ရီဒါကို ဟာရီကိန်း မီလ်တန် ဝင်ရောက်တိုက်ခတ်ပြီး အသေအပျောက် ဒါဇင်နဲ့ချီ များပြား

People's Spring

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့သလို လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

မီလ်တန်ဟာ Category 3 အဆင့်ရှိ ဟာရီကိန်းအဖြစ် ဖလော်ရီဒါကို အောက်တိုဘာ ၁၀ ရက်နေ့မှာ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မီလ်တန်ရဲ့ဒဏ်ကြောင့် ဖလော်ရီဒါ အနှံ့အပြားမှာ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရသလို အိမ်နဲ့ စီးပွားရေးလုပ်ငန်း ၃.၅ သန်းကျော် ဓာတ်အား ပြတ်တောက်ကုန်ပါတယ်။

အောက်တိုဘာ ၁၀ ရက် ညပိုင်းထိ ဖလော်ရီဒါမှာ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ အသေအပျောက် ၁၄ ဦးထိ စာရင်းရထားပြီး နောက်ထပ်လည်း တိုးလာနိုင်ခြေ ရှိနေပါတယ်။ မီလ်တန်နဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့ လေဆင်နှာမောင်း တစ်ခုကြောင့် ဖလော်ရီဒါရဲ့ စိန့်လူစီ မြို့ထဲမှာ ဘိုးဘွားရိပ်သာတစ်ခု ပြိုကျပြီး သက်ကြီးရွယ်အို ၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းစဲသွားပြီးတာနဲ့ ပြည်နယ်အနှံ့မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရေမြုပ်နေတဲ့ နေရာတွေမှာ ပိတ်မိနေသူတွေ အပါအဝင် လူပေါင်း ၃၄၀ လောက်ကို အောင်အောင်မြင်မြင် ကယ်ဆယ်ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ အဆိုကို ကိုးကားပြီး ဒီဆန်းတစ်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ခြံစည်းရိုး အပိုင်းတစ်ခုကို မှီတွယ်ရင်း ရေစီးနဲ့အတူ ပေါလောမျောလာတဲ့ အသက် ၁၄ နှစ်သား လူငယ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ်ကလည်း မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန်ရေပြင်မှာ အမျိုးသား တစ်ဦးကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ဒီဆန်းတစ် အပါအဝင် အာဏာပိုင်တွေနဲ့ ဆက်သွယ်ခဲ့ပြီး ပြည်နယ် အစိုးရ လိုအပ်သမျှ အကူအညီတွေကို ဗဟိုအစိုးရက ပံ့ပိုးပေးဖို့ ကတိပြုထားကြောင်း သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စဟာ ဖလော်ရီဒါ ပြည်နယ်အစိုးရရဲ့ အရေး မဟုတ်တော့ဘဲ အမေရိကန် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ပမာဏကို တိတိကျကျ ပြောနိုင်ဖို့ကတော့ စောလွန်းနေသေးတယ်လို့လည်း ဘိုင်ဒန်က မှတ်ချက်ပေးသွားပါတယ်။

ဒီဆန်းတစ်ကတော့ မုန်တိုင်း မတိုင်ခင်မှာ ပညာရှင်တွေက အဆိုးဆုံး အခြေအနေအဖြစ် လူဦးရေ ထူထပ်တဲ့ တမ်ပါနဲ့ စိန့်ပီတာစဘာ့ဂ် မြို့တွေမှာ ၁၅ ပေလောက်ထိ မြင့်တဲ့ ရေလှိုင်းတွေ ရိုက်ခတ်မှာကို စိုးရိမ်ခဲ့ပေမယ့် အဲဒီလောက်ထိတော့ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။ မက္ကဆီကို ပင်လယ်ကွေ့မှာတော့ ၈ ပေကနေ ၁၀ ပေထိမြင့်တဲ့ လှိုင်းတွေဟာ ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့ပါတယ်။

မီလ်တန်ဟာ ကုန်းတွင်း မဝင်ခင်မှာ အရှိန်လျော့သွားတာကြောင့် မကြာသေးခင်ကတင် ဖလော်ရီဒါကို ဖြတ်သန်းသွားခဲ့တဲ့ ဟာရီကိန်း ဟယ်လင်လောက် အပျက်အစီး မများခဲ့ပါဘူး။

Category 4အဆင့် ဟယ်လင်ဟာ မီလ်တန် မတိုင်ခင် ၁၂ ရက်တုန်းက ဖလော်ရီဒါ ကမ်းရိုးတန်းကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့နောက် ပြည်နယ်ပေါင်း ၆ ခုမှာ လူပေါင်း ၂၃၂ ဦးထက်မနည်းကို သေဆုံးစေခဲ့ပါတယ်။

ကိုးကား: Guardian

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке