လွိုင်ကော်တိုက်ပွဲ ဘာလို့ အရေးကြီးရသလဲ - BBC News မြန်မာ

Описание к видео လွိုင်ကော်တိုက်ပွဲ ဘာလို့ အရေးကြီးရသလဲ - BBC News မြန်မာ

လွိုင်ကော်တိုက်ပွဲ ဘာလို့ အရေးကြီးရသလဲ

တကျော့ပြန် စစ်အာဏာသိမ်းခံရတာကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ခုခံ တွန်းလှန်မှု အား အကောင်းဆုံး၊ အပြင်းအထန် ဆုံး နေရာတွေထဲ ကရင်နီထဲက နေရာအနှံ့ ပါဝင်နေခဲ့တာကို ပြီးခဲ့တဲ့ ၂ နှစ် ကျော် ကာလမှာ တောက်လျှောက် တွေ့မြင် နေခဲ့ရပါတယ်။ ဒါပေမယ့် စစ်ပွဲတစ်ခုလုံးရဲ့ အရှုံးအနိုင် ကွဲပြား သွားစေနိုင်လောက်တဲ့ ပြတ်သားတဲ့ စစ်ရေး အားသာမှုမျိုး ပေါ်ထွန်း မလာခဲ့ပါဘူး။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှမ်းမြောက် ဒေသတွေမှာ တစ်သုညနှစ်ခွန် စစ်ဆင်ရေး စတင်ပြီး စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေ ဖော်ဆောင်လာတာရဲ့ နောက်ဆက်တွဲ၊ လက်နက်ကိုင် တော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ ရုတ်တရက်ဆိုသလို နောက် တဆင့်ကို ကူးပြောင်းသွားတယ်လို့ စစ်ရေး နိုင်ငံရေး အကဲခတ် တော်တော်များများက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း နေရာတွေလိုပဲ၊ ကရင်နီထဲမှာလည်း နယ်မြေ ဒေသ ထိန်းချုပ် စိုးမိုးနိုင်ရေးကို ဦးတည်တဲ့ ထိုးစစ်ဆင်မှုတွေ၊ စခန်းသိမ်း မြို့သိမ်းစစ်တွေ တဟုန်ထိုး ပေါ်ပေါက်လာပါတယ်။ တခြားနေရာတွေနဲ့ နှိုင်းယှဥ်ရင် အထူးခြား ဆုံးကတော့ လွိုင်ကော်တိုက်ပွဲ ဖော်ဆောင်လာတာ ဖြစ်တာကြောင့် ... ဒါဟာ ပြည်နယ်မြို့တော် အဆင့်တစ်ခုကို စစ်ကောင်စီ ဘက်က ပထမဆုံး အကြိမ် လက်လွှတ်ရတော့မလား ဆိုတဲ့ အခြေအနေမျိုးထိ ကျရောက် သွားပါတယ်။

ဒီတော့ လွိုင်ကော် တိုက်ပွဲဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင် တွန်းလှန်မှုတွေမှာ ဘယ်လောက် ထူးခြား အရေးပါမှု ရှိနေလဲ ဆိုတဲ့ အပေါ် ဒီတစ်ပတ် အသေးစိတ် သုံးသပ်ရင်းမှာပဲ၊ လူအများ အာရုံစိုက်စေခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လေသူရဲ ပိုင်းလော့တစ်ယောက်ကို ကရင်နီ တော်လှန်ရေးသမားတွေ အရှင် လက်ရ ဖမ်းမိထားတဲ့ ကိစ္စနဲ့၊ တခါ ... လွိုင်ကော် တက္ကသိုလ် ထဲကနေ ထိန်းသိမ်းရရှိထားတဲ့ ပညာရေးဝန်ထမ်းတွေလိုမျိုး Non- CDM ဝန်ထမ်းတွေ အပေါ် ကရင်နီ အင်အားစုတွေ ဘယ်လို သဘောထားသလဲ၊ ဘယ်လို ပြုမူ ဆက်ဆံမလဲ စတာတွေကို ဒီတစ်ပတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ KNDF ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ ဒုဥက္ကဋ္ဌ ခွန်းဘီထူးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့တဲ့ မြန်မာ့အရေး ဆယ်စုနှစ်အဆက်ဆက် အနီးကပ် စောင့်ကြည့်လေ့လာသူ ဒေးဗစ် မက်သီဆန်တို့ပဲ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Комментарии

Информация по комментариям в разработке