ကမ္ဘာ့ လူဦးရေ ကျဆင်းလာခြင်းနဲ့ ကောင်းကျိုးဆိုးကျိုး ဝိရောဓိများ | People's Spring

Описание к видео ကမ္ဘာ့ လူဦးရေ ကျဆင်းလာခြင်းနဲ့ ကောင်းကျိုးဆိုးကျိုး ဝိရောဓိများ | People's Spring

ကမ္ဘာ့ လူဦးရေ ကျဆင်းလာခြင်းနဲ့ ကောင်းကျိုးဆိုးကျိုး ဝိရောဓိများ

၂၀၂၄ ခုနှစ် ကုန်ဆုံးတော့မယ့် အချိန်တွေနဲ့ တရွေ့ရွေ့ နီးကပ်လာနေပါပြီ။ မနှစ်ကလိုပဲ ကမ္ဘာ့လူဦးရေ တိုးနှုန်းဟာ ၂၀၂၄ မှာလည်း အကျဖက်ကို ဆက်ပြီး ဦးတည်နေဆဲ ဆိုတာကို တွေ့နေရပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး ကမ္ဘာ့လူဦးရေ တိုးနှုန်းဟာ တောက်လျှောက် မြင့်တက်ခဲ့ရာကနေ အရှိန်နှေးလာပြီး မနှစ်ကစလို့ ဆုတ်ယုတ်တဲ့ အဆင့်ထိ ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ၂၀၆၀ ပြည့်နှစ်ကျရင် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ ပြည့်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ဖူးပေမယ့် အခုတော့ အဲဒီ အခြေအနေဟာ လက်တွေ့ ဖြစ်ဖို့ ခဲယဉ်းသွားပါပြီ။ ဖွံ့ဖြိုးပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ လူဦးရေ ကျဆင်းမှုဟာ စိုးရိမ်စရာ အရှိန်မျိုးနဲ့ ဖြစ်ပေါ်နေပါတယ်။ ဥပမာ ဂျပန်နိုင်ငံဟာ ပျမ်းမျှအားဖြင့် တစ်နာရီကြာတိုင်း လူဦးရေ ၁၀၀ အနုတ်လက္ခဏာ ပြနေပါတယ်။ ဥရောပ၊ အမေရိကန်၊ အရှေ့အာရှ ဒေသတွေမှာ လူဦးရေ ကျဆင်းမှုက အရမ်းမြန်ဆန်နေပြီး ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေမှာလည်း အဲဒီ ရေစီးကြောင်းဟာ အတိုင်းအတာ တစ်ခုထိ ရိုက်ခတ်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ အားလုံးဟာ လူဦးရေ အကျဖက်ကို ဦးတည်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ ဥပမာ တရုတ်က လူဦးရေ ကျဆင်းနေချိန်မှာ အိန္ဒိယက တရိပ်ရိပ်တိုးပြီး ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင်တော့ လူဦးရေက ဆက်တိုက် လျော့လာနေပါတယ်။ လက်ရှိ ကမ္ဘာ့လူဦးရေဟာ ၈ ဘီလီယံကျော် ရှိနေပြီး ၁၂.၃ ဘီလီယံထိ မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ဖူးတာဟာ အခုအချိန်မှာ လက်တွေ့ မကျတော့ပါဘူး။

ပြောင်းလဲလာတဲ့ မိသားစု တည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်တွေ၊ ဝင်ငွေအခြေအနေတွေ၊ အလုပ်ဝန်ပိမှုတွေ စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် နိုင်ငံအတော်များများမှာ ကလေးယူတဲ့ စုံတွဲတွေ အချိုးအစားဟာ လျော့နည်းလာခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေ ကျဆင်းလာခြင်းဟာ ကမ္ဘာကြီးရဲ့ နာလန်ပြန်ထူရေး မျှော်လင့်ချက် အတွက်တော့ အကောင်းမြင်ရမယ့် ရှုထောင့်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတွေက ပြောပါတယ်။ လူနည်းလာလေလေ၊ ကမ္ဘာတလွှားမှာ ညစ်ညမ်းမှုတွေ ပိုလျော့လေလေ ဖြစ်လာနိုင်တာကြောင့်ပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ စီးပွားရေး အရဆိုရင် စိုးရိမ်ရမယ့် ညွှန်ကိန်းတစ်ခု ဖြစ်နေကြောင်း ထောက်ပြမှုတွေလည်း ရှိပြန်ပါတယ်။

မျိုးဆက်ဟောင်းတွေ အိုမင်းလာချိန်မှာ နိုင်ငံအလိုက် ဖြည့်တင်းနိုင်မယ့် မျိုးဆက်သစ်တွေ မွေးထုတ်မှု လျော့ကျလာခြင်းက ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာ အတော့်ကို သောကပွေစရာ ဖြစ်လာပါတယ်။ တချို့ အစိုးရတွေက ကလေးမွေးဖွားနှုန်းကို ပြန်မြှင့်တင်ဖို့ စိတ်ကူးတွေ၊ နည်းလမ်းတွေ အမျိုးမျိုး ကြံဆပြီး အကောင်အထည် ဖော်လာကြပေမယ့် အကျိုးမထူးလှပါဘူး။

တကယ်တော့ ဥရောပ၊ မြောက်အမေရိကနဲ့ အာရှမြောက်ပိုင်းတွေမှာ လူဦးရေ တိုးတက်မှု နှေးကွေးတာ၊ ဒါမှမဟုတ် ကျဆင်းတာတွေ ကြုံနေရတာ ဆယ်စုနှစ်တွေနဲ့ချီ ရှိခဲ့ပါပြီ။ လက်ရှိ ကာလကတော့ စိုးရိမ်အမှတ်ထိ ထပေါက်ကွဲတဲ့ အဆင့်လို့ ပြောနိုင်ပြီး လာမယ့် ၂၅ နှစ်အတွင်း အဲဒီဒေသတွေမှာ အသက် ၈၀ အထက် အရွယ်တွေရဲ့ လူဦးရေက လက်ရှိထက် နှစ်ဆ တိုးလာနိုင်ပါတယ်။ ဒီတော့ လူဦးရေ လျော့လာရတဲ့ကြားထဲ လူငယ်နဲ့ လူလတ်ပိုင်း အရွယ်တွေရဲ့ အချိုးအစားကပါ ထပ်ကျဦးမယ့် သဘောပါပဲ။ ဒီအနေအထားဟာ နိုင်ငံတစ်ခုရဲ့ ကုန်ထုတ်စွမ်းအားကို ထိခိုက် နစ်နာလာစေမယ် ဆိုတာကို လွယ်လွယ်လေး တွေးဆကြည့်လို့ ရပါတယ်။

တရုတ်ဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံအဖြစ်ကနေ နန်းကျသွားပေမယ့် လက်ရှိ အချိန်ထိ လူဦးရေ ၁.၄ ဘီလီယံလောက် ရှိနေပါသေးတယ်။ တရုတ်မှာ မိသားစု တစ်ခုကို ကလေးတစ်ယောက်ပဲ မွေးရမယ်ဆိုတဲ့ One Child ပေါ်လစီ စတင် ကျင့်သုံးချိန် ကတည်းက လူဦးရေ အကျပိုင်းကို ဦးတည်ခဲ့ပြီး ၂၀၁၆ မှာ အဲဒီ မူဝါဒကို ရပ်ဆိုင်းလိုက်တဲ့တိုင် အခြေအနေတွေက အဖတ်ဆယ်ရ ခက်သွားခဲ့ပါတယ်။ အခု ရာစုနှစ် အကုန်ကျရင် တရုတ်ရဲ့ လူဦးရေဟာ ရှိရင်းစွဲထက် သုံးပုံနှစ်ပုံလောက်သာ ကျန်တဲ့ထိ ထပ်ကျဆင်းလာမှာကို စိုးရိမ်တာတွေလည်း ရှိနေပါတယ်။ ဂျပန်လည်း ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး နံပါတ် ၁၁ နိုင်ငံအဖြစ် ရှိနေရာက ရာစုနှစ် ကုန်ဆုံးချိန်မှာ ထက်ဝက်လောက်သာ ကျန်တော့မယ့် အခြေအနေ ရှိပါတယ်။

စီးပွားရေး အရတော့ လူဦးရေ ကျဆင်းမှုဟာ အန္တရာယ် အချက်ပေး ခေါင်းလောင်းသံပါ။ အလုပ်သမား ရင်းမြစ်က လျော့ပါးသွားပြီး အလုပ်နိုင်စွမ်း မရှိတော့တဲ့ သက်ကြီးပိုင်း နည်းလာတဲ့အခါ ဟန်ချက်မညီတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

၂၁၀၀ ပြည့်နှစ်ကို ရောက်လာတဲ့အခါ ဆိုမာလီယာ၊ ချတ်ဒ်တို့ အပါအဝင် နိုင်ငံပေါင်း ၆ ခုလောက်သာ နှစ်စဉ် လူဦးရေ တိုးနှုန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖွယ် ရှိနေပြီး ကျန်တဲ့ ၉၇ ရာခိုင်နှုန်းသော ကမ္ဘာ့နိုင်ငံတွေဟာ မွေးဖွားနှုန်း တန့်သွားတာ၊ ဆုတ်ယုတ်တာတွေကို ကြုံရနိုင်ပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေး တိုးတက်မှု ရည်မှန်းချက်တွေ အတွက်တော့ ပြဿနာ အကြီးကြီးပါပဲ။

ကမ္ဘာ့ရာသီဥတု အပြောင်းအလဲမှာ ရာသီဥတုနဲ့ ဆက်စပ်တဲ့ သဘာဝ ဘေးအန္တရာယ်တွေက တောက်လျှောက် မြင့်တက်လာနေပြီး ကမ္ဘာ့လူဦးရေကတော့ ၂၀၅၀ ပြည့်နှစ်ကျရင် လက်ရှိထက် ၂၁၆ သန်းလောက်ထိ လျော့သွားဦးမယ်လို့ မှန်းဆရပါတယ်။

ကမ္ဘာ့ လူဦးရေ ကျဆင်းမှုဟာ စီးပွားရေး ရှုထောင့်က ကြည့်ရင်တော့ စိုးရိမ်စရာ ဆိုပေမယ့် ကမ္ဘာကြီးကို ကာကွယ်ဖေးမဖို့ ဆိုရင်တော့ တစ်ဖက်တစ်လမ်းက အကူအညီ ဖြစ်စေမှာပါ။ ဒါပေမဲ့ သတိထားရမှာကတော့ ကမ္ဘာကြီးကို အမှန်တကယ် ကူညီ ကာကွယ်ပေးဖို့ဆိုရင် လူဦးရေ ကျဆင်းရုံ တစ်ခုတည်းနဲ့တော့ လုံလောက်မှု မရှိသေးဘူး ဆိုတာပါပဲ။

ဓါတ်ပုံ - ရိုက်တာ

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке