ရုပ်ဇာတိနာမ်ဇာတိ တရားတော်(၁)

Описание к видео ရုပ်ဇာတိနာမ်ဇာတိ တရားတော်(၁)

ရုပ်ဇာတိ နာမ်ဇာတိ တရားတော်
#ဝိဇ္ဇောဒယသဲအင်းဆရာတော်ဘုရားကြီး
#ဗဟုသုတ_channel
#dhamma

⚜️ ယောဂီတို့ဟာ ယခုလက်ရှိ မိမိတို့ ခန္ဓာရဲ့
ဖြစ်ပျက် မမြင်၊ ဖြစ်ပျက်ပျောက်နေကြတယ်။

⚜️ ဒါကိုမြတ်စွာဘုရားက မိဂပဒလဝဉ္ဇ သုတ္တာန်မှာ
ဘယ်လိုဟောကြားထားသလဲဆိုတော့...

နွားကျောင်းသားတစ်ယောက်ဟာ သူနွားကျောင်း လေ့ရှိတဲ့ နေရာအနီးအနားမှာရှိတဲ့ ကျောက်ဖျာကြီးတစ်ခုပေါ်မှာနေရင်း နွားတွေကိုကျောင်းလေ့ရှိပါတယ်။ သူ ဒီကျောက်ဖျာကြီးပေါ်မှာပဲ ထမင်းစားတယ်၊ အနားယူတယ်၊ အိပ်စက်အနားယူလေ့ရှိတယ်။ အဲဒီ ကျောက်ဖျာကြီးရဲ့ ပတ်လည်မှာတော့ မြေပျော့တွေပဲရှိပါတယ်။

အဲဒါနဲ့ မိုးတွင်းကာလရောက်လာတော့ အဲဒီကျောက် ဖျာအရှေ့ဘက်မှာ သမင်ခြေရာတစုံ သူတွေ့လိုက်တော့ ဒါမိုးတွင်းကာလမို့ သမင်ဟာ ဒီကျောက်ဖျာအောက်နေတာဖြစ်ရမယ်လို့ သူစဉ်းစားလိုက်တယ်။ ဒါနဲ့နွားကျောင်းသားဟာ ကျောက်ဖျာကိုလှည့်ပတ်ကြည့်ပြန်တော့လဲ ကျောက်ဖျာနောက်မှာ သမင်ခြေ ရာတွေ့ပြန်ရော။ အဲဒီလို့တွေ့တော့ သူဘယ်လိုဆုံး ဖြတ်ချက်ချလဲဆိုတော့ သမင်တစ်ကောင်ဟာ ကျောက်ဖျာ အရှေ့ဘက်ကနေပြီး အနောက်ဘက်ကို ကျောက်ဖျာပေါ်မှ ဖြတ်ပြီးသွားတာဖြစ်ရမယ်။

အဲဒီလို ဖြတ်သွားတော့ ကျောက်ဖျာပေါ်မှာ သမင်ခြေရာ ထင်ကျန်ရစ်လားဆိုတော့ မကျန်ရစ်ပါ။ ဒါပေမယ့် အရှေ့ဘက်ကနေ ကျောက်ဖျာဆီ ဦးတည်လာနေတဲ့ သမင်ခြေရာကို မြေပျော့ပေါ်မှာ မြင်ရတယ်၊ ကျောက်ဖျာမှ ဆင်းပြီး အနောက်ဘက်သွားတဲ့ သမင်ခြေရာကို မြေပျော့ပေါ်မှာ အတိအကျ အထင်အရှား မြင်ရတယ်။ အဲဒီ ကျောက်ဖျာပေါ် အတက်၊ ကျောက်ဖျာမှ အဆင်း ခြေရာ (၂) ခုကို ကြည့်ပြီး ဒီသမင်ဟာ ကျောက်ဖျာ အရှေ့ဘက်ကနေတက်ပြီး အနောက်ဘက်ကို ဆင်းသွားပါလား။ ဒီကျောက်ဖျာပေါ် ဖြတ်သွားပါလားလို့သိနိုင်ပါတယ်

အဲဒီလိုသိနိုင်တာဟာ ကျောက်ဖျာပေါ်မှာ ခြေရာအထင်အရှားတွေ့လို့ သိတာလားဆိုတော့ မဟုတ်ပါ၊ ထင်ရှားတဲ့ အတက်အဆင်းခြေရာကို ကြည့်ပြီး သိတာပါ။ ထင်ရှားတာကို ထောက်ဆပြီး မထင်ရှားတာကို သိတာပါ။

⚜️ အဲဒီသုတ္တာန်လိုပါပဲ

အရှေ့ဘက်က သမင်ခြေရာက မိမိတို့၏ အတိတ်ကရုပ်၊ ပဋ္ဋိသန္ဓေဝမ်းခေါင်းထဲကနေပြီး ရေကြည်၊ ရေနောက်က စလို့ ဖြစ်ပျက်နဲ့ လာတဲ့ရုပ်နဲ့တူတယ်။

အနောက်ဘက်က သမင်ခြေရာက မိမိတို့၏ရုပ်ဟာ သေပြီး ခြောက်ပေခေါင်းထဲရောက်တော့ ပုပ်မယ်၊ ပွမယ်၊ အရိုးဆွေးမယ်၊ အရည်ပျော်ကျမယ် စသည်ဖြင့် ဖြစ်ပျက်နဲ့ပဲ သွားနေတဲ့ရုပ်နဲ့တူတယ်။

ကျောက်ဖျာကတော့ သမင်ခြေရာမထင်ကျန်ရစ်နေတဲ့ မိမိတို့၏ ပစ္စုပ္ပန်ရုပ်နဲ့တူတယ်။

ဒီရုပ်ကြီးသည် အမိ ပဋ္ဋိသန္ဓေဝမ်းခေါင်းက ဖြစ်ပျက်နဲ့လာပြီး သေတော့ ခြောက်ပေခေါင်းထဲရောက်တော့လဲ ဖြစ်ပျက်နဲ့ပဲဆုံးနေတယ်။

ကျောက်ဖျာပေါ်မှာ သမင်ခြေရာပျောက်နေသလိုပါပဲ၊ ပဋ္ဋိသန္ဓေဝမ်းခေါင်းနှင့် ခြောက်ပေခေါင်းကြား မှာ ယောဂီတို့ ဖြစ်ပျက်ပျောက်နေကြတယ်။

မိမိတို့ အခုလက်ရှိ ရုပ်ကြီးကို ဖြစ်ပျက်ခန္ဓာလို့မမြင်ပဲ ပျောက်နေကြတယ်။

⚜️ လာတုန်းက ဒီရုပ်ဟာ အရှေ့ဘက်ကလာတဲ့ သမင်ခြေရာလိုပဲ ဖြစ်ပျက်နဲ့ လာတာကိုထင်ထင်ရှားရှား သိရသလို၊ သေတော့လဲ ဒီရုပ်ဟာ ဖြစ်ပျက်နဲ့ သွားမှာကို ထင်ထင်ရှားရှား သိရတာကို ထောက်ဆခြင်းအားဖြင့် ယခုလက်ရှိ ရုပ်ကြီးကလဲ ဖြစ်ပျက်ရုပ်ကြီးပဲလို့ အတိအကျ ဉာဏ်က သိမြင်အောင် နှလုံးသွင်းဆင်ခြင်တတ်ရမယ်။

⚜️ ဒါကို ဘုန်းဘုန်းက ဖြစ်ပျက်ခန္ဓာနဲ့ဟပ်ပြီး နှလုံး သွင်း ဆင်ခြင်တတ်အောင် အကျဉ်းချုံး ရှင်းပြပေးတာပါ။

⚜️ ပစ္စုပ္ပန် ဖြစ်ပျက်မြင်အောင် ကြိုးစားအားထုတ်ရမယ်ယောဂီတို့...

#သာဝကဝေနေယျ_ThuKha
#Credit

ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့(စင်္ကာပူ)

   / samsaravisitor  

Комментарии

Информация по комментариям в разработке