ဗမာမြေပြန့်ထိ တိုင်းရင်းသားတပ်တွေဝင်တိုက်ပေးမှာလား - KNDFခေါင်းဆောင် ခွန်ဘီထူးနဲ့သီးသန့်မေးမြန်းခန်း

Описание к видео ဗမာမြေပြန့်ထိ တိုင်းရင်းသားတပ်တွေဝင်တိုက်ပေးမှာလား - KNDFခေါင်းဆောင် ခွန်ဘီထူးနဲ့သီးသန့်မေးမြန်းခန်း

ဗမာမြေပြန့်ထိ တိုင်းရင်းသားတပ်တွေ ဝင်တိုက်ပေးမှာလား - KNDF ခေါင်းဆောင် ခွန်ဘီထူးနဲ့ ဘီဘီစီ သီးသန့်တွေ့ဆုံ မေးမြန်းခန်း

အခုရက်တွေဟာ ညီနောင် ၃ ဖွဲ့နဲ့ မိတ်ဖက် အင်အားစုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို အရှိန်အမြင့်ဆုံး တွေ့နေရချိန်၊ စစ်ကောင်စီရဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကို သိမ်းမိပြီလို့ ကိုးကန့်တပ်က ဟစ်ကြွေးချိန်၊ မိုးကုတ်ထဲ တအာင်း TNLA နဲ့ မိတ်ဖက် တော်လှန်ရေး အင်အားစုတွေ ဝင်လာချိန်၊ စစ်ကောင်စီကတော့ လားရှိုးနဲ့ မိုးကုတ် မကျသေးဘူးလို့ ငြင်းချက် ထုတ်နေရချိန်၊ မန္တလေးအနားထိ စစ် ရောက်ရှိလာချိန် ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေလက်ထဲ ပြည်နယ်မြို့တော် အဆင့် ပထမဆုံး အနေနဲ့ ထိန်းချုပ် နိုင်တော့မလား ဆိုပြီး စောင့်ကြည့်နေခဲ့ရတဲ့ လွိုင်ကော်မှာတော့ စစ်ကောင်စီနဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ၁၀၂၇ ပထမလှိုင်း အပြီး ကရင်နီမှာလည်း စတင်လာခဲ့တဲ့ တစ်လေးလုံး ၁၁၁၁ စစ်ဆင်ရေးဟာ အောင်မြင်မှုတွေနဲ့ အခန်းကဏ္ဍတစ်ခု ပြီးဆုံးသွားပြီလို့ KNDF ရဲ့ ခေါင်းဆောင် ခွန်းဘီထူးက ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။

ကရင်နီထဲ စစ်ရေး စီမံချက် အသစ်တွေ ပေါ်ထွက်လာလိမ့်မယ်၊ နိုင်ငံရေး တည်ဆောက်မှုကိုပါ တပါတည်းတွဲပြီး လုပ်ဆောင်နေတယ်လို့လည်း ခွန်းဘီထူးက ဆိုပါတယ်။ နောက်တဆင့်ကို တက်ကြမယ့် အဲဒီ စစ်ရေး နိုင်ငံရေး ခြေလှမ်းသစ်တွေဆိုတာ ဘာတွေလဲ ....

- တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အခုအချိန်မှာ ထိန်းချုပ်ပိုင်စိုး နယ်မြေတွေကို စစ်ရေးနည်းနာနဲ့ ရနိုင်သလောက် တိုးချဲ့ ယူနေတာမျိုးလား ....
- ဒီထက်ကျယ်ပြန့်တဲ့ အနာဂတ် နိုင်ငံသစ်ကို ထုဆစ်ပုံဖော်ဖို့ရာ တိကျတဲ့ ရည်မှန်းချက်တွေ ရှိနေလား
- စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဗမာလူမျိုး တော်လှန်ရေးတပ်ဖွဲ့တွေဟာ တိုင်းရင်းသားဒေသတွေမှာ ဝင်တိုက်ပေးနေသလို ... ဗမာနယ်မြေ မြေပြန့်ဒေသတလွှားကို ဆင်းလာနိုင်ဖို့ရော တိုင်းရင်းသား တပ်ဖွဲ့တွေက ကျောထောက်နောက်ခံ ပြုပေးဖို့၊ ကူညီတိုက်ပေးဖို့ ခိုင်မာတဲ့ အပြန်အလှန် ကတိကဝတ်တွေ ရှိနေလား ...

စတဲ့ စိတ်ဝင်စားဖွယ် မေးခွန်းတွေ၊ အရေးကြီးတဲ့ တုံ့ပြန်ချက်တွေကို ဒီတစ်ပတ် သတင်းမြင်ကွင်း အစီအစဥ်မှာ ကျယ်ကျယ်ပြန့်ပြန့် ကြားကြရဖို့ ရှိပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားတာကို ဇူလိုင် ၂၇ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီမှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော်ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Комментарии

Информация по комментариям в разработке