ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုနဲ့ အုပ်ချုပ်ရေးဖော်ဆောင်တာ ရပ်တန့်ဖို့ AA ကိုတောင်းဆို

Описание к видео ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုနဲ့ အုပ်ချုပ်ရေးဖော်ဆောင်တာ ရပ်တန့်ဖို့ AA ကိုတောင်းဆို

ချင်းပြည်နယ်အတွင်း အာရက္ခတပ်တော်(AA) အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှောင်ရှားပေးဖို့နဲ့ အုပ်ချုပ်ရေးဖော်ဆောင်နေတာတွေကို ရပ်တန့်ဖို့ ချင်းအမျိုးသားတပ်ဦး (CNF) က ကမကထပြုလုပ်တဲ့ ချင်းပြည်ကောင်စီက သဘောထားထုတ်ပြန်လိုက်ပါတယ်။

မေလ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ ချင်းပြည်နယ်အတွင်း AA က အတင်းအဓမ္မ တပ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးတာ ၊ အတင်းအကြပ် အုပ်ချုပ်ရေးယန္တယား ဖော်ဆောင် နေတယ်လို့ ဆိုထားပါတယ်။

ဒီလုပ်ရပ်တွေဟာ တော်လှန်ရေးကာလအတွင်း တိုင်းရင်းသားလူမျိုးစုအကြား ချစ်ကြည်ရင်းနှီးမှုနဲ့အပြန်အလှန်ယုံကြည်မှုကို ထိပါးစေတယ်လို့လည်း ချင်းပြည်ကောင်စီက သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ချင်းပြည်နယ်အတွင်းမှာ စစ်ရေး လှုပ်ရှားမှုတွေ ၊ စစ်ရေးဖော်ဆောင်မှုတွေကို ရှောင်ရှားပေးဖို့နဲ့ အုပ်ချုပ်ရေးဖော်ဆောင်နေတာတွေဟာ မလိုလားအပ်တဲ့ လူမျိုးရေး ပဋိပက္ခ၊ စစ်ရေး ပဋိပက္ခတွေ ဖြစ်လာစေနိုင်တာကြောင့် ရပ်တန့်ပေးဖို့ ချင်းပြည်ကောင်စီ က AA ကို တိုက်တွန်းထားတာတွေ့ရပါတယ်။

AA ဟာ ပြီးခဲ့တဲ့ နှစ်နိုဝင်ဘာလ ၁၃ ရက်ကစတင်တဲ့ ထိုးစစ်အတွင်းမှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို သိမ်းယူနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ ၈ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပလက်ဝဒေသနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ပြန်လည်ဖြေရှင်းခဲ့တာရှိပါတယ်။

AA အနေနဲ့ ပလက်ဝဒေသကို လုံခြုံရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနေသလို ၊ စစ်သားအတင်းအဓမ္မစုဆောင်းတာမရှိဘူးလို့ ဦးခိုင်သုခက ဆိုပါတယ်။

တဆက်တည်းမှာပဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က လည်း သွေးထိုး လှုံဆော်မှုတွေကြောင့် ချင်းတော်လှန်ရေး အဖွဲ့တွေနဲ့ AA တို့ကြား ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေဖို့ သတိထားရမယ်လို့ ဇွန်လ ၈ ရက်က ပဲ ကြေညာချက်ထုတ်ပါတယ်။

AA ဟာ မဟာမိတ်ကောင်း ၊အိမ်နီးချင်းကောင်းဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးမှာ ဆက်လက်လက်တွဲသွားမှာဖြစ်သလို ချင်းနဲ့ရခိုင်ကြား ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်သွားတယ်လို့ ချင်းညီနောင်အဖွဲ့က ဆိုပါတယ်။

ချင်းညီနောင်အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး ၊ ချင်းအမျိုးသားအဖွဲ့ချုပ် ၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ၊ချင်းကာကွယ်ရေးတပ် ကန်ပက်လက်၊ ချင်းကာကွယ်ရေးတပ် မတူပီ တပ်မဟာ(၁)တို့ ပါဝင်ကြပါတယ်။

AA ကို တိုက်တွန်းချက် သဘောထားထုတ်ပြန်တဲ့ Chinland Council ကိုတော့ ဝါရင့်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးက ကမကထပြုလုပ်ပြီး ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းကာ ချင်းပြည်အစိုးရ ဖွဲ့စည်းထားတာပါ။

Комментарии

Информация по комментариям в разработке