နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring

Описание к видео နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring

"တိုင်ဖွန်းမုန်တိုင်းအပြီး ရှန်ဟိုင်းမှာ ရှင်းလင်းရေး လုပ်ငန်းတွေ စတင် ၊ဂါဇာမှာ စစ်ပွဲကို အကြာကြီး ဆက်တိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ဟားမားစ် ခေါင်းဆောင်ပြော၊ယူကရိန်းဟာ ဒုတိယအသုတ် F-16 တိုက်လေယာဉ်တွေ ရရှိမယ်လို့ ဒိန်းမတ် အတည်ပြု"

စက်တင်ဘာ - ၁၇ ၊၂၀၂၄ ညပိုင်း နိုင်ငံတကာ သတင်း
ဒီနေ့စက်တင်ဘာလ ၁၇ ရက်မှာ ဖြစ်ပွားတဲ့ နိုင်ငံတကာ သတင်းဖြစ်ရပ်တွေထဲက အချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

တိုင်ဖွန်းမုန်တိုင်းအပြီး ရှန်ဟိုင်းမှာ ရှင်းလင်းရေး လုပ်ငန်းတွေ စတင်

၇၅ နှစ်အတွင်း အပြင်းထန်ဆုံး ကြုံဖူးတဲ့ မုန်တိုင်းကြီးအပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ သန့်စင်ရှင်းလင်းမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ မနက်အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း ဘီဘင်ကာဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ရှန်ဟိုင်းမှာ ကြုံတွေ့ဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လမ်းတွေပေါ် ရေဖုံးခဲ့ပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်တာ၊ အိမ်တွေပေါ် ပိမိတာတွေ ကြုံခဲ့ရပါတယ်။

ဘီဘင်ကာကြောင့် ရှန်ဟိုင်းမှာ အသေအပျောက် သတင်း မကြားရသေးပေမယ့်လည်း အနည်းဆုံး လူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ မြို့အနှံ့ ဖြစ်ပေါ်နေတဲ့ အပျက်အစီးတွေနဲ့ အမှိုက်သရိုက်တွေကို စတင် ရှင်းလင်းနေသလို နေရာတော်တော်များများမှာလည်း ဓာတ်အား ပြန်ရနေပြီ ဖြစ်ပါတယ်။

မုန်တိုင်း မဝင်ရောက်မီက ရှန်ဟိုင်းရဲ့ ရေကြီးနိုင်တဲ့ ဧရိယာတွေမှာ နေထိုင်သူ ၄၁၄၀၀၀ လောက်ကို တာဝန်ရှိသူတွေက အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ မုန်တိုင်း မတိုက်ခင်မှာ ကျောင်းတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပိတ်ထားစေခဲ့ပြီး လူတွေကိုလည်း တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေကြဖို့ ဆော်ဩ တိုက်တွန်းထားခဲ့ပါတယ်။

တရုတ်အစိုးရဟာ ရှန်ဟိုင်းက မုန်တိုင်း နောက်ဆက်တွဲ အခြေအနေတွေမှာ အကူအညီပေးဖို့ တခြားဒေသတွေက အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ထမ်းတွေကိုပါ ပို့ဆောင်ပေးထားပါတယ်။

တရုတ်နိုင်ငံရဲ့ အရှေ့ဖက် ကမ်းရိုးတန်းမှာ တောင်ဖက် ဒေသတွေဆီ တိုင်ဖွန်းမုန်တိုင်းတွေ ဝင်ရောက် တိုက်ခတ်လေ့ ရှိပေမယ့်လည်း ရှန်ဟိုင်းမြို့ တည်ရှိရာ မြောက်ဖက်ကို အင်အားပြင်း မုန်တိုင်းတွေ ရောက်လာတာမျိုးက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေလို့လည်း ဆိုပါတယ်။

လောလောဆယ်မှာတော့ ဘီဘင်ကာဟာ ကုန်းတွင်းပိုင်းကို ရွေ့လျားရင်း အားလျော့ ပျက်ပြယ်နေပြီ ဖြစ်ပေမယ့် ကျန်းစု၊ အန့်ဟွိုင်နဲ့ ရှီကျန်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်နေစေကြောင်း သိရပါတယ်။

= = =

ဂါဇာမှာ စစ်ပွဲကို အကြာကြီး ဆက်တိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ဟားမားစ် ခေါင်းဆောင်ပြော

လိုအပ်လာရင် ဂါဇာကမ်းမြှောင် ဒေသမှာ အကြာကြီး စစ်ဆက်တိုက်ဖို့ အသင့်ရှိနေတယ်လို့ ဟားမားစ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ကွဲပြားတဲ့ ဟားမားစ် အစုအဖွဲ့ အားလုံးရဲ့ ခေါင်းဆောင်သစ်အဖြစ် ပြီးခဲ့တဲ့ လပိုင်းကမှ တင်မြှောက် ခံထားရသူ ယာဟ်ယာ ဆင်ဝါက သူဦးဆောင်တဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဟာ ဂါဇာမှာ အစ္စရေးနဲ့ နောက်ထပ် အကြာကြီး စစ်ဆက်တိုက်ဖို့ ဖြစ်နိုင်ခြေကိုပါ ပြင်ဆင်ထားတယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ကာလရှည်ကြာပြီး လုံးပါးပါးလာနိုင်တဲ့ စစ်ပွဲမျိုးဟာ ရန်သူရဲ့ နိုင်ငံရေး စိတ်ခွန်အားကို ချိုးဖျက်ပစ်နိုင်ပြီး အဲဒီအတွက် ဟားမားစ်က အသင့်ရှိနေတယ်လို့ သူက ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေဆီ လိပ်မူတဲ့ သတင်းစကားမှာ ထည့်သွင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

ဟားမားစ်ရော၊ ဟိုသီတွေပါ အစ္စရေးရဲ့ ခါးသီးရန်ဘက် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်း လက်နက်ကိုင် အင်အားစုတွေ ဖြစ်ကြပါတယ်။ ဆင်ဝါက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အစ္စရေး ပိုင်နက်ထဲထိ ဒုံးကျည်နဲ့ ပထမဆုံးအကြိမ် ထိထိရောက်ရောက် တိုက်ခိုက်ပြခဲ့တဲ့ ဟိုသီတွေရဲ့ စစ်ရေး စွမ်းရည်ကိုလည်း ချီးကျူး ဂုဏ်ပြုသွားခဲ့ပါတယ်။

ဂါဇာ စစ်ပွဲဟာ မနှစ်က အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် တစ်နှစ်နီးပါး ကြာညောင်းလာပါပြီ။ အစ္စရေးနဲ့ ဟားမားစ်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိနိုင်အောင် နိုင်ငံတကာရဲ့ ကြားဝင် စေ့စပ် ဆွေးနွေးမှုတွေကလည်း လက်ရှိ အချိန်ထိ ရုန်းကန်ရဆဲ အခြေအနေတွေ ဖြစ်နေပါတယ်။

= = =

ယူကရိန်းဟာ ဒုတိယအသုတ် F-16 တိုက်လေယာဉ်တွေ ရရှိမယ်လို့ ဒိန်းမတ် အတည်ပြု

အခုနှစ် မကုန်ခင် ဒုတိယအသုတ် F-16 တိုက်လေယာဉ်တွေ ယူကရိန်းက လက်ခံရရှိလာမယ်လို့ သိရပါတယ်။ ဒိန်းမတ် အစိုးရက နှစ်ကုန်ပိုင်းလောက်မှာ ယူကရိန်းအတွက် အမေရိကန်လုပ် F-16 အပေါ့စား တိုက်လေယာဉ်တွေ လက်လွှဲ ပေးအပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး ထရိုးလ်စ်လွန် ပူလ်ဆန်က ယူကရိန်း လက်ထဲကို အနောက်မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ ပေးအပ်နေတဲ့ F-16 တိုက်လေယာဉ်တွေရဲ့ ဒုတိယ အသုတ်ကို ဒိန်းမတ်က တာဝန်ယူမှာဖြစ်ပြီး နှစ်ကုန်ပိုင်းလောက်မှာ လွှဲပြောင်းပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်၊ အမေရိကန်နဲ့ နယ်သာလန်တို့က ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ပူးပေါင်း ထောက်ပံ့မယ်လို့ ကြေညာပြီး တစ်နှစ်အကြာ ဇူလိုင်လမှာတော့ ယူကရိန်းဟာ ပထမအသုတ်အဖြစ် အဲဒီ စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေကို စတင် လက်ခံရရှိခဲ့ပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတဲ့ စစ်ဆင်ရေးတွေအတွင်း F-16 တစ်စီး ပျက်ကျမှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ လေတပ် အကြီးအကဲကိုပါ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

လောလောဆယ် ယူကကရိန်း လက်ထဲမှာ F-16 ဘယ်နှစီး ရှိနေသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဇီလန်စကီးက ရုရှားရဲ့ လေကြောင်းစိုးမိုးမှုကို ထိထိရောက်ရောက် တန်ပြန်နိုင်ဖို့အတွက် ယူကရိန်းဟာ F-16 အနည်းဆုံး ၁၂၈ စီးလောက် လိုအပ်မယ်လို့လည်း ပြောကြားထားပါတယ်။

= = =

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке