People's Spring | စောင့်ခဲ့ရတာနဲ့တန်အောင် F-16တွေကို ယူကရိန်း အသုံးချနိုင်မလား

Описание к видео People's Spring | စောင့်ခဲ့ရတာနဲ့တန်အောင် F-16တွေကို ယူကရိန်း အသုံးချနိုင်မလား

People's Spring | စောင့်ခဲ့ရတာနဲ့တန်အောင် F-16တွေကို ယူကရိန်း အသုံးချနိုင်မလား

ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို စတင်ကြုံတွေ့ပြီး လပိုင်းလောက် အကြာမှာပဲ ယူကရိန်းရဲ့ လေတပ်ဟာ ဆိုးဆိုးရွားရွား ချိနဲ့သွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ယူကရိန်း စစ်ဘက် အကြီးအကဲတွေဟာ အမေရိကန်နဲ့ အနောက်နိုင်ငံလုပ် တိုက်လေယာဉ်တွေကို လေတပ်ရဲ့ ပြုန်းတီးအင်အားမှာ အစားထိုး ဖြည့်ဆည်းပေးဖို့ တောင်းဆိုလာခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ ဘက်စုံသုံး အပေါ့စား F-16 တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ တစ်ဖက်သတ် လေကြောင်း အသာစီးရမှုကို တွန်းလှန်နိုင်မယ့် အစွမ်းထက် စစ်လက်နက်တွေလို့ ယူကရိန်းက ယူဆခဲ့တယ်။ အခုတော့ နှစ်တွေနဲ့ချီ ကြာညောင်းအောင် တောင်းဆိုခဲ့မှုတွေ အထမြောက်ပါတော့မယ်။ NATO စစ်မဟာမိတ် နိုင်ငံတွေက ပထမဆုံးအသုတ် F-16တွေကို ယူကရိန်း လေတပ်အတွက် ပို့ဆောင်ဖို့ စတင် လုပ်ဆောင်နေပါပြီ။ ဒီနေရာမှာ အရေးအပါဆုံး မေးခွန်း တစ်ခုကတော့ F-16တွေဟာ တကယ်ပဲ စစ်မြေပြင်မှာ ကြီးမားထိရောက်တဲ့ အပြောင်းအလဲတွေကို ယူဆောင်လာမလား ဆိုတာပါပဲ။

ဒီသံသယမျိုးက ရှိလည်း ရှိသင့်ပါတယ်။ အကောင်းဆုံး ထင်သာမြင်သာ ဥပမာ တစ်ခုအဖြစ် ယူကရိန်းဟာ ရုရှား ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းယူနိုင်ဖို့ တန်ပြန်ထိုးစစ် ဆင်နွှဲရာမှာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေရဲ့ အဆင့်အမြင့်ဆုံး တိုက်ခိုက်ရေး တင့်ကားတွေ ရရှိခဲ့မယ်ဆိုရင် အောင်မြင်မှုတွေ ရရှိမှာ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ဖူးတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ နာမည်ကျော် M1 Abramsနဲ့ ဂျာမနီရဲ့ Leopard 2တို့လို နည်းပညာမြင့် တင့်ကားတွေ ယူကရိန်းလက်ထဲ ရောက်သွားချိန်မှာ ထင်သလို မဖြစ်ဘဲ ရုရှားရဲ့ စောင့်ကြို ချေမှုန်းမှုတွေကို ခံခဲ့ရပါတယ်။ အဲဒီ ရလဒ်ဆိုးဟာ စစ်လက်နက်တွေရဲ့ နည်းပညာနဲ့ အရည်အသွေးပိုင်း အားနည်းမှုကြောင့် မဟုတ်ဘဲ စစ်ရေး အစီအမံ အလွဲအမှားတွေ၊ ပူးပေါင်းစစ်ဆင်မှု အချိတ်အဆက် မမိတာတွေကြောင့် အဓိက ကျခဲ့ပါတယ်။ ဥပမာ လုံခြုံစိတ်ချရတဲ့ လေကြောင်းကာကွယ်ရေး အထောက်အပံ့ မပေးနိုင်ဘဲ တင့်ကားတွေကို ချီတက်စေတဲ့အခါ ဝေဟင်ကို စိုးမိုးထားတဲ့ ရုရှားက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အသုံးပြုပြီး စောင့်ကြို ချေမှုန်းတာကို ယူကရိန်းတို့ ကြုံခဲ့ရပါတယ်။

ဒီဖြစ်ရပ်မျိုးကို သင်ခန်းစာယူပြီး ယူကရိန်းဟာ F-16တွေနဲ့ ပတ်သက်ရင် ပိုမို ပါးနပ်တဲ့၊ ပိုမို စနစ်ကျတဲ့ အခင်းအကျင်းတွေကို ကြိုတင်တွေးတော ပြင်ဆင်ထားဖို့ လိုပါတယ်။ သမ္မတ ဇီလန်စကီးက ရန်သူ ကြီးစိုးထားတဲ့ ကောင်းကင်ယံကို ရှင်းလင်းရာမှာ F-16တွေက အများကြီး အကူအညီ ပေးနိုင်မယ်လို့ ပြောပေမယ့် လေသူရဲတွေရဲ့ ကျွမ်းကျင်မှု၊ လေယာဉ် အရေအတွက်၊ စစ်ဆင်ရေး အစီအမံနဲ့ ဘက်ပေါင်းစုံ ပံ့ပိုးနိုင်စွမ်းတို့လို တခြားသော ညွှန်ကိန်းတွေ အများကြီးကို ထည့်တွေးဖို့လည်း လိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်း လေယာဉ်မှူးတွေနဲ့ မြေပြင်ဝန်ထမ်းတွေကို အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက F-16တွေ အသုံးပြုတတ်အောင် သေသေချာချာ လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်လုပ် တိုက်လေယာဉ် ဒီဇိုင်းတွေနဲ့သာ ယဉ်ပါးခဲ့တဲ့ ယူကရိန်း လေယာဉ်မှူးတွေဟာ ပိုပြီး ခေတ်မီတဲ့၊ နည်းပညာ မြင့်မားတဲ့ F-16တွေကို ကိုင်တွယ်ခွင့် ရခဲ့ရင်တောင်မှ တိုက်ပွဲဝင် အတွေ့အကြုံ သုညမှတ်နဲ့ဆိုရင် အဆင်ပြေနိုင်ပါ့မလား စိတ်ပူသင့်ပါတယ်။

F-16တွေဟာ ယူကရိန်း လေတပ်က အသုံးပြုခဲ့ဖူးတဲ့ တိုက်လေယာဉ် အားလုံးလိုလိုထက် အဖက်ဖက်က သာလွန်ပြီး အထင်ရှားဆုံး အားသာချက်ကတော့ တာဝေးပစ်မှတ်တွေကို ချေမှုန်းနိုင်တဲ့ ဒုံးကျည် စွမ်းရည်ပါ။ ဒါကြောင့် ယူကရိန်း လေယာဉ်မှူးတွေဟာ မြေပြင်အခြေစိုက် ရန်သူ့ လေကြောင်းကာကွယ်ရေး စနစ်တွေ လက်လှမ်းမမီနိုင်လောက်တဲ့ နေရာကနေ စစ်ဆင်ရေးတွေ လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ရုရှားဖက်ကို ကြည့်ရင်လည်း F-16တွေရဲ့ အန္တရာယ်ကို လျှော့တွက်မထားဘူးဆိုတာ မြင်သာပါတယ်။ ပြီးတော့ ယူကရိန်းမြေကို F-16တွေ စရောက်တဲ့ နေ့ကစပြီး အဲဒီလေယာဉ်တွေကို အုံနဲ့ကျင်းနဲ့ ဖျက်ဆီးနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြုံးဝါးထားပါတယ်။ ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ အစီအမံတွေကိုလည်း လက်ဦးမှုယူပြီး အစပြုထားပါတယ်။ အဲဒီ အစီအမံတွေထဲမှာ F-16တွေ အခြေစိုက်ဖို့ ဖြစ်နိုင်ခြေများတဲ့ လေတပ်စခန်းတွေကို ကြိုကြိုတင်တင် တိုက်ခိုက်ခြင်းကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

ဇူလိုင်လထဲမှာတင် ယူကရိန်း လေတပ်ရဲ့ နိုင်ငံအလယ်ပိုင်း အခြေစိုက် စခန်းနှစ်ခုနဲ့ တောင်ဖက်ပိုင်း၊ အိုဒက်ဆာ ပြည်နယ်က စခန်းတစ်ခုတို့ကို ရုရှားက ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးပါပြီ။ အဲဒီ စစ်ဆင်ရေးတွေအတွင်း ယူကရိန်းရဲ့ ဆိုဗီယက်ဒီဇိုင်း Su-27 တိုက်လေယာဉ် ငါးစီး၊ MiG-29 တိုက်လေယာဉ်တစ်စီးနဲ့ ရေဒါစနစ်တစ်ခု၊ အမေရိကန်လုပ် Patriot လေကြောင်း ကာကွယ်ရေး ဒုံးကျည် ပစ်စင်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ရုရှားက ကြွေးကြော်ခဲ့ပါတယ်။ အဲဒီ အဆိုတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် ယူကရိန်းဟာ F-16တွေ စတင်လက်ခံ ရရှိပြီ ဆိုတာနဲ့ မြေပြင်မှာတင် ချေမှုန်း မခံရရေးအတွက် အကြီးအကျယ် ဦးနှောက်ကို အလုပ်ပေးပြီး ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

နောက်ပြီး F-16တွေဟာ လေထဲရောက်သွားရင် စွမ်းဆောင်ရည် မြင့်မားသလောက် ပျံတက်ဖို့ ပြင်ဆင်ရတဲ့ အဆင့်မှာ အရမ်း ကရိကထ များပါတယ်။ F-16တွေ အတက်အဆင်းလုပ်ဖို့ ပြီးပြည့်စုံအောင် ချောမွေ့ကောင်းမွန်တဲ့ ပြေးလမ်းတွေ လိုပါတယ်။ ကျောက်စရစ်ခဲ သေးသေးလေးတွေကအစ မရှိအောင် ရှင်းလင်းထားပေးရမယ့် သဘောပါ။ အဲဒီလို စင်းလုံးချော ပြေးလမ်းမျိုး မရှိရင် အင်ဂျင် ချွတ်ယွင်းပြီး ကိုယ်ကျိုးနည်းသွားနိုင်တဲ့ အန္တရာယ်က မြင့်မြင့်မားမား ရှိနေတတ်တာကြောင့် ဖြစ်ပါတယ်။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке